The network connection is lost.

Banner Image

အင်တာမီလန်ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဂုဏ်ယူမိတယ်လို့ဆိုလာတဲ့ ဒမ်ဖရီးစ်

ဗုဒ္ဓဟူးနေ့နံနက်က ဘာစီလိုနာကို ၄-၃ နဲ့အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ အင်တာမီလန်တွက် ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့တဲ့ နောက်ခံလူ ဒန်ဇယ်ဒမ်ဖရီးစ်က အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အပေါ် ဂုဏ်ယူမိတယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ယခု ဒုတိယအကျော့ပွဲစဉ်မှာလည်း ပထမအကျော့ကလို ၃-၃ နဲ့သရေကျနေခဲ့တာကြောင့် အချိန်ပိုမိနစ်အထိ ဆက်လက်ကစားခဲ့ရပြီး အင်တာမီလန်က အနိုင်ရကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်ရဲ့ ပထမပိုင်းမှာ အင်တာမီလန်ဟာ လော်တရိုမာတီနက်ဇ်၊ ကယ်လာနိုဂလူတို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

သို့သော်လည်း ဘာစီလိုနာက ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ပြီး အဲရစ်ဂါစီယာနဲ့ အိုလ်မိုတို့ရဲ့ဂိုးတွေကြောင့် ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ထို့နောက် ပွဲပြီးကာနီး ၈၇ မိနစ်မှာ ဘာစီလိုနာက ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ရာဖင်ဟာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အာစာဘီက ပွဲပြီးကာနီးအချိန်ပိုမှာ အင်တာမီလန်အတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် မိနစ် ၉၀ အတွင်း ၃-၃ နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ 

အင်တာမီလန်အတွက်အဖိုးတန်အနိုင်ဂိုးကိုတော့ အချိန်ပို ၉၉ မိနစ်မှာ ဖရက်တက်ဆီက သွင်းယူပေးခဲ့ကာ အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ရောက်ရှိနေစခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဒမ်ဖရီးစ်က "ရူးချင်စရာကောင်းတဲ့ ပွဲစဉ်ဖြစ်ခဲ့ပြန်ပါတယ်။ နှစ်သင်းပေါင်း ၇ ဂိုးအထိသွင်းခဲ့တာ မယုံနိုင်စရာပါ"

"ကျွန်တော်တို့ နောက်ဆုံးအထိ တိုက်ပွဲဝင်ခဲ့ကြပြီး ဒီနေ့ အသင်းရဲ့စိတ်ဓာတ်အပေါ်မှာ အရမ်းဂုဏ်ယူမိပါတယ်။ ဗိုလ်လုပွဲကိုတက်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ကျွန်တော်ဒီနေ့ အသင်းကို ကူညီပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာကနေ ပြန်လာနိုင်တာမကြာသေးတော့ လွယ်တော့မလွယ်ကူပါဘူး။ ဘာပဲဖြစ်ဖြစ် အသင်းအတွက် အောင်မြင်မှုရဖို့ ကျွန်တော်တို့ တိုက်ပွဲဝင်သွားရမှာပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

အသင်းနည်းပြ အင်ဇာဂီနဲ့ပတ်သက်ပြီးတော့လည်း ဒမ်ဖရီးစ်က "အရမ်းတော်တဲ့နည်းပြတစ်ယောက်ပါ။ ကျွန်တော်ဒီကိုစရောက်ကတည်းက သူ့ရဲ့စွမ်းဆောင်ချက်တွေကို အထင်ကြီးခဲ့မိပါတယ်။ အခုတော့ သူ့ရဲ့ဦးဆောင်မှုနဲ့အတူ ကျွန်တော်တို့ မြူးနစ်ကိုသွားရပါတော့မယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး စွယ်စုံရနောက်ခံလူက မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ပတ်သက်ပြီး "လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော်တို့ ဗိုလ်လုပွဲမှာရှုံးခဲ့ပါတယ်။ အခုတော့ မဖြစ်နိုင်တာမရှိဘူးဆိုတာ သိခဲ့ရပါပြီ။ ဒီနှစ် ကျွန်တော်တို့ အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ကြပြီး မျှော်လင့်ချက်တွေလည်း ကြီးခဲ့ကြပါတယ်။ ဘယ်အသင်းနဲ့တွေ့ရမယ်ဆိုတာ မနက်ဖြန် သိရတော့မှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဘာစီလိုနာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့၊ ဂိုးဖန်တီးမှု ၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့တဲ့ ဒမ်ဖရီးစ်ဟာ ဒယ်ပီယာရို၊ မိုဟာမက်ဆာလက်နဲ့ ရော်ဘတ်တိုဖာမီနိုတို့နောက် ချန်ပီံယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ သွင်းဂိုး နဲ့ဂိုးဖန်တီးမှု ၂ နဲ့အထက်ပြုလုပ်နိုင်တဲ့ စတုတ္ထမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

အင်တာမီလန် ဘာစီလိုနာကို သွင်းယူခဲ့တဲ့ နှစ်ကျော့ပေါင်း ၇ ဂိုးမှာ ဒမ်ဖရီးစ်ဟာ ၅ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ ၃၁ ရက်နေ့, မြူးနစ်မြို့ အလီယန်ဇ်အရီနာ အားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး အင်တာမီလန်အနေနဲ့ အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့အနက် ဘယ်အသင်းနဲ့ရင်ဆိုင်သွားရမလဲ ဒီညစောင့်ကြည့်ရပါမယ်။