
အယ်လ်ဗာရက်ဇ်အငြင်းပွားမှုအပြီး ပယ်နယ်တီကန်သွင်းမှုဆိုင်ရာ ဥပဒေသကို ပြောင်းလဲသတ်မှတ်
အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှ အက်သလက်တီကိုမက်ဒရစ်ကို ထွက်ခွာစေခဲ့တဲ့ အယ်လ်ဗာရက်ဇ်ရဲ့ ပယ်နယ်တီကန်ချက်အငြင်းပွားမှုကိစ္စအပြီး ပယ်နယ်တီကန်သွင်းမှု ဆိုင်ရာဥပဒေသတွေကို ယမန်နေ့(အင်္ဂါနေ့)မှာပဲ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
အခုညပိုင်း၊ ဂျာမနီ vs ပေါ်တူဂီတို့ရဲ့မြူးနစ်မြို့နေရှင်နယ်လိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှစတင်ကာ စည်းမျဉ်းသစ်တွေ အသက်ဝင်လာလိမ့်မယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ကြေညာခဲ့ပါတယ်။ ဖီဖာကျောထောက်နောက်ခံပေးထားတဲ့ IFAB ရဲ့စည်းမျဉ်းသစ်အရ မတ်လအတွင်း ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းချိန် ပယ်ဖျက်ခံလိုက်ရတဲ့အက်သလက်တီကိုတိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ရဲ့ ကန်သွင်းချက်မျိုးကို ပယ်နယ်တီပြန်ကန်ခွင့်ပေးဖို့ ခွင့်ပြုပေးပါလိမ့်မယ်။
ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန် အယ်လ်ဗာရက်ဇ်က ဟန်ချက်ပျက်ကာ ဘောလုံးကို မတ်တပ်ရပ်ထားတဲ့ဘယ်ခြေနဲ့ ဦးဆုံးထိမိခဲ့ပါတယ်။ ဒီကန်သွင်းချက်က မက်ဒရစ်ဂိုးသမားကော်တိုရစ်ကို ကျော်ဖြတ်ကာ ဂိုးဝင်သွားပေမယ့် ရုပ်သံမှတ်တမ်းပြန်ကြည့်မှုမှာ ဘောလုံးကို နှစ်ကြိမ်ထိမိခဲ့လို့ စည်းမျဉ်းအရ ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ အဆုံးမှာတော့ အက်သလက်တီကိုမက်ဒရစ်လည်း ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။
ပယ်နယ်တီကန်ချက်နဲ့ ပယ်နယ်တီအဆုံးအဖြတ်ခံယူမှု ဆိုင်ရာ ဘောလုံးစည်းမျဉ်းတွေအရ မက်ဒရစ်မှာ စည်းမျဉ်းတွေကို တိတိကျကျလိုက်နာတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိသလို အယ်လ်ဗာရက်ဇ်ရဲ့ မတော်တဆဖြစ်ရပ်ကို အခုလိုဆုံးဖြတ်ခြင်းကြောင့် မျှတမှုမရှိဆိုတဲ့ဝေဖန်သံတွေလည်း ကျယ်လောင်လာခဲ့ပါတယ်။
IFAB ရဲ့ထုတ်ပြန်ချက်တစ်ခုမှာ “ အခုလိုအခြေအနေမျိုးဆိုတာ ရှားပါးလွန်းပါတယ်။ ဥပဒေမှာ ဒီလိုကိစ္စမျိုးအတွက် အတိအကျပြဋ္ဌာန်းပေးထားခြင်းမရှိလို့ ကွင်းလယ်ဒိုင်တွေက ပယ်နယ်တီကန်သွင်းသူကို ပြစ်ဒဏ်ပေးရမယ်လို့ပဲ နားလည်သဘောပေါက်ထားပါတယ်။ ဒါပေမဲ့ ဥပဒေပါပြဋ္ဌာန်းချက်က ပင်နယ်တီကန်သွင်းသူကိုယ်တိုင် အခြားသူတွေဘောလုံးကိုမထိခင် ဒုတိယအကြိမ်ဘောလုံးထိတွေ့မှု တမင်တကာပြုလုပ်မယ့်အခြေအနေအတွက်ကိုသာ အဓိကရည်ရွယ်ထားပါတယ်”လို့ ဖော်ပြထားပါတယ်။
အခုအချိန်မှာတော့ ပယ်နယ်တီကန်သွင်းမှုတစ်ခုက မတော်တဆဘောလုံးကို နှစ်ကြိမ်ထိမိပြီး ဂိုးဝင်မယ်ဆိုရင် ပယ်နယ်တီပြန်ကန်ခွင့်ရရှိလိမ့်မယ်လို့ IFAB မှ ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ပယ်နယ်တီကန်သွင်းချက်တစ်ခုက ဘောလုံးနှစ်ကြိမ်ထိပြီး ဂိုးမဝင်ခဲ့ဘူးဆိုရင်တော့ ပယ်နယ်တီပြန်ကန်ခွင့်ရရှိမှာ မဟုတ်ပါဘူး။ ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန် အခုလိုအဖြစ်အပျက်မျိုးကို ပယ်နယ်တီလွဲချော်မှုအဖြစ် သတ်မှတ်သွားပါလိမ့်မယ်။ သာမန်ပွဲကစားချိန်အတွင်းနဲ့ အချိန်ပိုပွဲချိန်တွေမှာတော့ ဘောလုံးနှစ်ကြိမ်ထိပြီးပယ်နယ်တီလွဲချော်မယ်ဆိုရင် ပြိုင်ဘက်အသင်းအတွက် ပြစ်ဒဏ်ဘောခွင့်ပြုပေးမယ်လို့ IFAB မှ ရှင်းလင်းခဲ့ပါတယ်။ အခုစည်းမျဉ်းသစ်တွေကို ဇွန် ၁၄ ရက်၊ အမေရိကန်မြေမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသုံးပြုသွားမယ်လို့ သိရပါတယ်။