လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ နည်းပြရာထူးကနေနုတ်ထွက်မယ်လို့ ကြေညာလိုက်တဲ့ ဒက်စ်ချမ့်
ပြင်သစ်သတင်းဌာန L’Equipe ရဲ့အဆိုအရ ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်တစ်ယောက် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ နည်းပြရာထူးကနေထွက်ခွာတော့မယ်လို့ ကြေညာလိုက်တယ်လို့ ဆိုပါတယ်။ အဆိုပါကြေညာမှုဟာ မျှော်လင့်ထားသလိုဖြစ်လာခဲ့တာဖြစ်ပြီး ၁၄ နှစ်ကြာနည်းပြဘဝကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။
ဒက်စ်ချမ့်ဟာ ပြင်သစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား နဲ့ ၂၀၂၁ နေးရှင်းလိဂ်ဖလားတွေရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး ပြင်သစ်အသင်းမှာနည်းပြကော ကစားသမားအဖြစ်ပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်အသင်းအနေနဲ့ ဒက်စ်ချမ့်နေရာအတွက် အစားထိုးရမယ့်သူရှာဖွေရဖွယ်ရှိနေပြီး သူ့ရဲ့ဦးဆောင်မှုအောက်မှာ ပြင်သစ်အသင်းဟာ ၂၀၁၆ ယူရို နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်တို့ကို တက်ရောက်နိုင်ခဲ့ပါတယ်။
သတင်းတွေအရ ဒက်စ်ချမ့်နေရာကို ပြင်သစ်အသင်းတာဝန်ရှိသူတွေက ဇီဒန်းနဲ့ အစားထိုးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အခုကြေညာချက်မတိုင်ခင်ကတည်းက ဇီဒန်းတစ်ယောက် ပြင်သစ်အသင်းနည်းပြဖြစ်လာဖို့ ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ ဇီဒန်းဟာ ၂၀၂၁ တုန်းက ရီးရဲလ်ကနေထွက်ခွာပြီးကတည်းက နည်းပြလောကကို အဆက်အသွယ်ဖြတ်ထားခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ လာမယ့်မတ်လထဲမှာ နေးရှင်းလိဂ်ပွဲအဖြစ် ခရိုအေးရှားနဲ့ ကွာတားဖိုင်နယ်ကန်ရမှာဖြစ်ပြီး အဲ့နောက် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် အာရုံစိုက်ရမှာဖြစ်ပါတယ်။