ပိုလန်နဲ့ ပွဲစဉ်မှာ အမ်ဘာပေ ပါဝင်ကစားလိုနေတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဒက်စ်ချမ့်စ်
ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒက်စ်ချမ့်စ်က နှာခေါင်းရိုးကျိုးတဲ့ဒဏ်ရာကနေ သက်သာလာတဲ့ အသင်းရဲ့စူပါစတား တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ အင်္ဂါနေ့မှာ ကစားမယ့် ပိုလန်နဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ပါဝင်ကစားလိုနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့သော်လည်း သေချာပေါက်ပါဝင်ကစားမယ်လို့တော့ အာမခံခဲ့ခြင်းမရှိပါဘူး။ ပြင်သစ်အသင်းခေါင်းဆောင်ဟာ ဩစတြီးယားကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ အုပ်စုပထမဆုံးစဉ်မှာ နှာခေါင်းဒဏ်ရာရခဲ့တာကြောင့် နယ်သာလန်ကို ၀-၀ နဲ့ သရေကျခဲ့တဲ့ အုပ်စုဒုတိယပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
ယခုနှစ်ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်ဟာ ကိုယ်ပိုင်သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးဘဲ ဩစတြီးယားနဲ့ပွဲစဉ်မှာလည်း OG နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအုပ်စုရဲ့ထိပ်ဆုံးနေရာမှာ နယ်သာလန်ကဦးဆောင်ထားနိုင်တာကြောင့် ဒုတိယနေရာကပြင်သစ်အနေနဲ့ အုပ်စုဗိုလ်ဖြစ်ဖို့ဆိုရင် ပိုလန်နဲ့ပွဲမှာ တတ်နိုင်သလောက်ဂိုးများများသွင်းယူသွားဖို့လိုနေတာဖြစ်ပါတယ်။
ယခုအခါမှာတော့ ပြင်သစ်အတွက် စုစုပေါင်း ပွဲ ၈၀ ကစားပြီး ၄၇ ဂိုးအထိ သွင်းယူထားနိုင်တဲ့ အသက်-၂၅ နှစ်အရွယ် အမ်ဘာပေနဲ့ပတ်သက်ပြီး ဒက်စ်ချမ့်စ်က “သူ့ရဲ့အခြေအနေက တစ်နေ့ထက်တစ်နေ့ပိုကောင်းလာပါတယ်။ သူက နယ်သာလန်နဲ့ပွဲမှာ ကစားဖို့ဆန္ဒရှိခဲ့သလို မနက်ဖြန်ပိုလန်နဲ့ပွဲမှာလည်း ပါဝင်ဖို့ စိတ်အားထက်သန်နေပါတယ်။ အမ်ဘာပေသာပြန်ပါနိုင်မယ်ဆို ကျွန်တော်တို့အတွက် သွင်းဂိုးတွေပိုမိုရရှိဖို့ အကူအညီဖြစ်ပါလိမ့်မယ်။ သူက အသင်းအတွက် သိသိသာသာအရေးပါတဲ့ကစားသမားပါ” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပိုလန်ဟာ အုပ်စုပွဲစဉ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာရတဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ အုပ်စုအတွင်း နောက်ထပ်ပွဲစဉ်တစ်ခုဖြစ်တဲ့ နယ်သာလန်နဲ့ ဩစတြီးယားတို့ပွဲစဉ်မှာလည်း နှစ်သင်းစလုံးက နောက်တစ်ဆင့်ကို အုပ်စုဗိုလ်နဲ့တက်ရောက်နိုင်ဖို့ အခွင့်အရေးရှိနေတာကြောင့် ခြေကုန်ထုတ်ရုန်းသွားကြမှာဖြစ်ပါတယ်။
ပြင်သစ်နည်းပြဒက်စ်ချမ့်ကလည်း “ကျွန်တော်တို့ ပိုလန်နဲ့ပွဲမှာ ဂိုးတွေများများသွင်းသွားမှာပါ။ ဂိုးတွေများများသွင်းနိုင်လေ ကျွန်တော်တို့အတွက် အုပ်စုဗိုလ်ဖြစ်ဖို့ အခွင့်အရေးများလေလေဖြစ်နေလို့ပါ”လို့ ပြောကြားထားတာဖြစ်ပါတယ်။
ယခု အုပ်စု D ကနေရှုံးထွက် ၁၆ သင်းအဆင့်ကို အုပ်စုဗိုလ်နဲ့ တက်ရောက်သွားတဲ့အသင်းဟာ အုပ်စု F က ဒုတိယရတဲ့အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဒုတိယရတဲ့အသင်းကတော့ ၃ မှတ်စီရရှိထားတဲ့ ဘယ်လ်ဂျီယံ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ယူကရိန်းတို့ရှိနေတဲ့ အုပ်စု E မှဒုတိယရတဲ့အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ပြင်သစ်ဟာ နည်းပြကြီး ဒက်စ်ချမ့်စ်လက်ထက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်နဲ့ ယူရိုပြိုင်ပွဲ ၂ ကြိမ်တို့ရဲ့ အုပ်စုအဆင့်ပြိုင်ပွဲတွေမှာ ထိပ်ဆုံးနေရာကို အမြဲတမ်းရယူထားနိုင်တာဖြစ်ပါတယ်။