The network connection is lost.

Banner Image

ဩစတြီးယားနဲ့ပွဲစဉ်မှာ ဆာလီဘာကို ဘာကြောင့်ပွဲထွက်ကစားအဖြစ်အသုံးမပြုနိုင်သလဲ ရှင်းပြလိုက်တဲ့ ဒက်စ်ချမ့်စ်

ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒက်စ်ချမ့်စ်က ဩစတြီးယားနဲ့ယှဉ်ပြိုင်ရမယ့် ယူရိုအဖွင့်ပွဲစဉ်မှာ နောက်ခံကြယ်ပွင့် ဝီလီယမ်ဆာလီဘာကို ပွဲထွက်ကစားသမားအဖြစ် ဘာကြောင့်အသုံးမပြုနိုင်သလဲ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ 

ဒက်စ်ချမ့်က အာဆင်နယ်အဓိကနောက်ခံလူဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပေမယ့် ပြင်သစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ဆိုရင်တော့ အသင်းဖော်တွေနဲ့ နားလည်မှုတည်ဆောက်ရန်လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ 

အသက်-၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဆာလီဘာဟာ အာဆင်နယ်မှာ ဂါဘရီရယ်နဲ့တွဲဖက်ကာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးခံစစ်အတွဲကို တည်ဆောက်ထားပြီး ၂ နှစ်ဆက်တိုက်အကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ 

သို့သော်လည်းကစားသမားဟာ နိုင်ငံ့လက်ရွေးစင်အသင်းမှာတော့ ပုံမှန်နေရာရဖို့ရုန်းကန်နေရပြီး နည်းပြဒက်စ်ချမ့်စ်ဟာ အူပါမီကာနိုနဲ့ ကိုနာတေးတို့ကိုသာ ပွဲထွက်ကစားသမားအဖြစ် မျက်နှာသာပေး အသုံးပြုနေတာဖြစ်ပါတယ်။ ယခုအခါ ပြင်သစ်သတင်းတွေအရ ဩစတြီးယားနဲ့ယှဉ်ပြိုင်ရမယ့် အုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ ဆာလီဘာဟာ အရန်ကစားသမားအဖြစ်သာ ပါဝင်လာမယ်လို့သိရပါတယ်။ 

ဒက်စ်ချမ့်စ်က “ဆာလီဘာက အာဆင်နယ်မှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး မယုံနိုင်စရာ ရာသီတစ်ခုကို ဖြတ်သန်းထားနိုင်ပါတယ်။ သူက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ယောက်ပါ။ သူ့အသင်းဖော်ဂါဘရီရယ်နဲ့အတူ အထင်ကြီးလောက်စရာစွမ်းဆောင်ထားနိုင်ပြီး အာဆင်နယ်ရဲ့အရေးပါဆုံးကစားသမားအဖြစ် ရပ်တည်ထားနိုင်ပါတယ်။ သူက ကျွန်တော်တို့နဲ့တော့ ကစားချိန်သိပ်မရခဲ့ပါဘူး။ အသင်းမှာကစားဖို့ဆိုရင် အလိုအလျောက်စနစ်တွေကြောင့် ထပ်ခါ ထပ်ခါကစားမှသာ နားလည်မှုတွေတည်ဆောက်နိုင်မှာပါ။ နိုင်ငံအသင်းမှာဆို ကျွန်တော်တို့အတွက် အချိန်ကအမြဲတမ်း နည်းနည်းပဲရပါတယ်။ အခုတော့ အသင်းနဲ့ရက်သတ္တပတ်အတော်များများဖြတ်သန်ထားနိုင်တော့ ပိုကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ပြင်သစ်စူပါစတားတိုက်စစ်မှူး ကီလီယန်အမ်ဘာပေကတော့ သူ့ရဲ့ငယ်သူငယ်ချင်းဆာလီဘာဟာ ပြင်သစ်အသင်းမှာ ပွဲထွက်ပါဝင်ဖို့ အရည်အသွေးကောင်းတွေရှိနေကြောင်း ထောက်ခံပြောကြားလာခဲ့ပါတယ်။ အမ်ဘာပေက “ကျွန်တော်နဲ့သူက ငယ်ငယ်ကတည်းက သိခဲ့ကြတာပါ။ ကျွန်တော်တို့ ဘွန်ဒီက မူလတန်းကျောင်းတစ်ကျောင်းမှာ အတူတူတက်ခဲ့ကြပါတယ်။ အတန်းချင်းမတူပေမယ့် အားလပ်ချိန်တွေဆို ဘောလုံးအတူတူကစားခဲ့ကြပါတယ်။ သူက လူကောင်ကြီးတော့ ကျွန်တော်တို့နဲ့ကစားလို့ရခဲ့ပါတယ်။ နောက်တော့ အဖေကသူ့ကို အေအက်စ်ဘွန်ဒီမှာ လေ့ကျင့်ပေးခဲ့တာကြောင့် ကျွန်တော်တို့အနီးကပ် ရင်းနှီးခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာ သူကတကယ်ကိုထူးချွန်လာတာမြင်ခဲ့ရလို့ သူ့အတွက် ဝမ်းသာပါတယ်။ ဒီရာသီမှာဆိုလည်း သူကအာဆင်နယ်အလွန်အရေးပါတဲ့ကစားသမားဖြစ်လာပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဗဟိုခံစစ်မှူးတစ်ယောက်ပါ။ ကျွန်တော်ကတော့ သူ့အနေနဲ့ ပြင်သစ်အသင်းမှာ ပွဲထွက်ကစားဖို့ အရည်အချင်းအားလုံးပြည့်စုံနေပြီလို့ ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။