The network connection is lost.

Banner Image

ဖေဘီယန်ရုဇ်နဲ့ပတ်သက်လို့ သိပ်သဘောမတွေ့တဲ့ ထူးထူးခြားခြားအကြောင်းပြချက်ကို ထုတ်ပြောလာတဲ့ ဒီလာဖွန်တေ

စပိန်လက်ရွေးစင်အသင်းနည်းပြဒီလာဖွန်တေက ကွင်းလယ်ကစားသမားဖေဘီယန်ရုဇ်နဲ့ပတ်သက်လို့ သူသိပ်သဘောမတွေ့တဲ့ ထူးထူးခြားခြားအကြောင်းပြချက်ကို ထုတ်ပြောပြလာပါတယ်။

စပိန်အသင်းက ဘာလင်မြို့မှာ ခရိုအေးရှားကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီး သူတို့ရဲ့ယူရိုပြိုင်ပွဲခရီးစဉ်ကို အံ့မခန်းစတင်နိုင်ခဲ့ပါတယ်။ ဥရောပချန်ပီယံဆုကို သုံးကြိမ်တိုင်တိုင်ဆွတ်ခူးထားနိုင်သူတွေက ယမန်နေ့ညပိုင်းပွဲစဉ်မှာ မိုရာတာ၊ ဖေဘီယန်ရုဇ်၊ ကာဗာဂျယ်လ်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူကာ မရဏအုပ်စုရဲ့ထိပ်ဆုံးနေရာမှာ ပြတ်ပြတ်သားသားရပ်တည်လိုက်ပါတယ်။ ဒီပွဲစဉ်အတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတွေအနက် ပီအက်စ်ဂျီကွင်းလယ်ကစားသမားဖေဘီယန်ရုဇ်လည်း ပါဝင်ပါတယ်။ သူက အမှတ်ရဖွယ်သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ရုံတင်မက မိုရာတာရဲ့ အဖွင့်ဂိုးအတွက်လည်း အကွက်မြင်မြင်ဖန်တီးပေးခဲ့ပါတယ်။

အခုလိုထိပ်တန်းစွမ်းဆောင်ရည်မျိုးကို ဖေဘီယန်ရုဇ် ပြသနိုင်ခဲ့ပေမယ့် ဒီလာဖွန်တေကတော့ ကစားသမားဟာ သူ့ရဲ့နာမည်ကြောင့် ကောင်းမွန်လှတဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ထိုက်ထိုက်တန်တန်အသိအမှတ်ပြုခြင်းမခံရဘူးလို့ ထူးထူးခြားခြားမှတ်ချက်ပေးလာခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဒီလာဖွန်တေက “ သူ့နာမည်သာ ဖေဘီယန်မဟုတ်ဘူးဆိုရင် ခင်ဗျားတို့တွေ သူ့အကြောင်း အဆက်မပြတ်ပြောနေကြပါလိမ့်မယ်။ သူ့မှာ စွမ်းဆောင်ရည်ကောင်းတွေ ရှိနေပြီး အချိန်တိုင်းမှာ အရာရာတိုင်းကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်သွားရမလဲဆိုတာ ကောင်းကောင်းသိပါတယ်”လို့ ပြောပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဖေဘီယန်ရုဇ်ကတော့ အခုပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို စိတ်လှုပ်ရှားစွာနဲ့ လက်ခံရယူခဲ့ပါတယ်။

ဖေဘီယန်ရုဇ်က “ ကျွန်တော်တို့အားလုံး ကစားခဲ့ရတဲ့ ပွဲကြီးပွဲကောင်းအတွက် ဝမ်းသာကျေနပ်မိပါတယ်။ ဒီပွဲစဉ်က ခက်ခဲမယ်ဆိုတာနဲ့ အဆုံးသတ်အချိန်အထိ ဖိအားတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာ ကျွန်တော်တို့ ကြိုသိထားခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားကောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ အသင်းကောင်းတစ်ခုကို အနိုင်ရရှိလိုက်တာကြောင့် ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်မိပါတယ်”လို့ ပြောပါတယ်။

မိုရာတာရဲ့သွင်းဂိုးအတွက် ဖန်တီးပေးခဲ့ပုံနဲ့ပတ်သက်ပြီး ဖေဘီယန်ရုဇ်က“ ကျွန်တော့်မှာ အခုလိုအခွင့်အရေးမျိုး ရှိလာချိန်ကျရင် သူ့ကို လှမ်းကြည့်ပေးဖို့ မိုရာတာက ကျွန်တော့်ကို အမြဲတမ်း ပြောလေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ရဲ့ပြေးလမ်းကြောင်းတွေနဲ့ အသားကျနေပါပြီ။ နေရာလွတ်ကို ကျွန်တော် ရှာတွေ့ခဲ့ပြီး သူ့ရဲ့ဘောလုံးထိန်းသိမ်းပုံနဲ့ အဆုံးသတ်ပိုင်းကလည်း အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့သွင်းဂိုးမှာဆိုရင်လည်း ပက်ဒရီက ကျွန်တော့်ဆီ အရမ်းကောင်းတဲ့ပေးပို့မှုတစ်ခု လုပ်ခဲ့ပါတယ်။ ကျွန်တော်ဘောလုံးရသွားချိန် မိုဒရစ်က ဘော်ဒီခုပါတယ်။ ဒါကြောင့် ကျွန်တော် ညာခြေနဲ့ကန်ဖို့လုပ်ချိန် ဘရိုဇိုဗစ် ထပ်ဝင်လာပါတယ်။ ဒါကြောင့် ဘယ်ခြေဆီပြန်ပြောင်းရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခြေထောက်တွေအကြား လွတ်နေတဲ့ လမ်းကြောင်းကို မြင်ခဲ့ပြီး ကံကောင်းစွာနဲ့ပဲ ကန်ချက်က ဂိုးဝင်သွားခဲ့ပါတယ်။ စပိန်နိုင်ငံအတွက် ယူရိုမှာ ဂိုးသွင်းနိုင်လို့ အလွန်ပျော်ရွှင်ဝမ်းမြောက်မိပါတယ်”လို့ ရှင်းပြပါတယ်။

စပိန်အသင်းက လာမယ့် ဇွန် ၂၀ ရက်မှာ အီတလီအသင်းနဲ့ အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရပါမယ်။ နောက်လေးရက်အကြာမှာတော့ သူတို့က အယ်လ်ဘေးနီးယားနဲ့ အုပ်စုအပိတ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။