အာဆင်နယ်မှာ ထူးချွန်စွာ ခြေစွမ်းတွေ ပြသလာတဲ့ လူးဝစ်စကယ်လီကို ဒီကလန်ရိုက်စ်ချီးကျူး
ဒီကလန်ရိုက်စ်က "အလွန်ထူးချွန်တဲ့" မိုင်လ်စ် လူးဝစ်-စကယ်လီကို အထူးချီးကျူးခဲ့ပြီး အာဆင်နယ် လူငယ်ကစားသမားဟာ ထိပ်ဆုံးကို ရောက်ရှိဖို့ သေချာတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ရဲ့ နာမည်ကျော် ဟေးလ်အန့်အကယ်ဒမီရဲ့ ထွက်ကုန်တစ်ခုဖြစ်တဲ့ လူးဝစ်-စကယ်လီဟာ အစ်ဆွစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ သူ့ရဲ့ ဘက်စုံနိုင်မှုနဲ့ ရင့်ကျက်မှုကို ကွင်းထဲမှာ ပြသခဲ့ပါတယ်။ မူလအားဖြင့် ကွင်းလယ်ကစားသမားဖြစ်တဲ့ လူးဝစ်-စကယ်လီဟာ အာဆင်နယ်ရဲ့ ဒဏ်ရာပြဿနာတွေနဲ့ မီကယ် အာတီတာရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ လိုအပ်ချက်တွေကြောင့် ဘယ်နောက်ခံလူအဖြစ် ကစားရာမှာ အဆင်ပြေပြေ လိုက်လျောညီထွေ ဖြစ်ခဲ့ပါတယ်။
ကာလာဖီအိုရီ၊ ဇင်ချန်ကို၊ ဂျာကွတ်ကီဝီအောနဲ့ တီယာနေးတို့လို အတွေ့အကြုံရှိတဲ့ ဘယ်နောက်ခံလူ လေးဦးကို အရန်ခုံမှာ ထားရှိပေမယ့် အာတီတာက ဆယ်ကျော်သက် ကစားသမားကို ယုံကြည်မှု ထားရှိခဲ့ပြီး လူငယ်လေးကလည်း နည်းပြကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ စကယ်လီဟာ အဆိုပါပွဲစဉ်မှာ အသင်းကြီးအတွက် မိနစ် ၉၀ ပြည့်အောင် ပထမဆုံးအကြိမ် ကစားခဲ့ရတာဖြစ်ပြီး ရင့်ကျက်မှုနဲ့ ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့ပါတယ်။
ဘောလုံးကို ၈၆ ကြိမ်ထိထိခဲ့ပြီး ဘောလုံးပေးပို့မှု ၅၉ ကြိမ်မှာ ၅၈ ကြိမ်တိတိ အောင်မြင်ခဲ့ကာ ၉၈ ရာခိုင်နှုန်း တိကျမှု ရရှိခဲ့ပါတယ်။
ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေး နှစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဂိုးဖန်တီးနိုင်စွမ်းက ထင်ရှားခဲ့ပါတယ်။ လူငယ် နောက်ခံလူဟာ တားဆီးမှု သုံးကြိမ်၊ ရှင်းထုတ်မှု နှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးယှဉ်လုမှု ကိုးကြိမ်မှာ ရှစ်ကြိမ် အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်ရဲ့ ဝက်ဘ်ဆိုက်မှာ ရိုက်စ်က ဆယ်ကျော်သက်ကစားသမားရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ တည်ငြိမ်မှုတို့ရဲ့ ရှားပါးတဲ့ ပေါင်းစပ်မှုကို အလေးပေးပြောကြားခဲ့ပါတယ်။
ရိုက်စ်က"သူ ထိပ်ဆုံးကို ရောက်နိုင်ပါတယ်၊ ဒီကလေးက ထူးချွန်ရုံတင်မက အလွန်ထူးချွန်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ "အသက် ၁၈ နှစ်အရွယ်မှာ ဒီလောက်ကောင်းတာ၊ ဒီလောက် သက်တောင့်သက်သာရှိတာ၊ ဒီလောက် သန်မာတာ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့အတိုင်းပါပဲ! တစ်နေ့က သူ့ကို အဲဒီလို ပြောခဲ့ပါတယ်၊ သူ ဘယ်လောက်ကောင်းလဲဆိုတာ မယုံနိုင်လောက်အောင်ပါပဲ၊ ဒါပေမယ့် သူ့မှာ သွားရမယ့်ခရီးက ရှည်ပါသေးတယ်။ သူက အရမ်း စိတ်တည်ငြိမ်ပါတယ်၊ သူ့ပတ်ဝန်းကျင်မှာ မိသားစုကောင်း ရှိပါတယ်၊ သူ့အမေက သူ့ကို အရမ်းဂရုစိုက်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ လေ့ကျင့်ရေးကွင်းက ကလေးတွေ အားလုံးလည်း ဂရုစိုက်ကြပါတယ်။ ကျွန်တော်တို့မှာ တက်လာမယ့် အရမ်းကောင်းတဲ့ လူငယ်အုပ်စုတစ်စု ရှိပြီး သူ ဖြစ်ချင်တာကို ဖြစ်နိုင်ပါတယ်၊ သူ အာရုံစိုက်နေဖို့နဲ့ အမြဲတမ်း ပိုလိုချင်နေဖို့ပဲ လိုအပ်ပြီး သူ လုပ်နိုင်ပါတယ်။"လို့ ဆိုခဲ့ပါတယ်။
ထူးချွန်တဲ့ ခြေစွမ်းပြသမှုအပြီး လူးဝစ်-စကယ်လီဟာ နှစ်သစ်ကူးနေ့မှာ ဘရန့်ဖို့ဒ်က အာဆင်နယ်ကို စောင့်ဆိုင်းနေချိန်မှာ လူငယ်ကစားသမားဟာ သူ့ရဲ့ နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး သူ့ရဲ့ လျင်မြန်တဲ့ တိုးတက်မှုကို ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်နေမှာပါ။