The network connection is lost.

Banner Image

ဖီအိုရင်တီးနားနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာဟာ လက်ရှိကလပ် ဖီအိုရင်တီးနားနဲ့အတူ ထိပ်တန်းလက်စွမ်းတွေ ပြန်လည်ပြသနိုင်ခဲ့ပြီးနောက် ယခုအခါမှာတော့ အီတလီမှာ ဆက်လက်နေထိုင်ဖို့ ၃ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ထပ်မံချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။ ဒီဂီယာဟာ ဖီအိုရင်တီးနားနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ပြီးနောက် အသင်းကို အီတလီစီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်စေခဲ့ပြီး ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ပလေးအော့ဖ်ဝင်ခွင့်ရရှိစေခဲ့ပါတယ်။ မကြာသေးမီက ပြီးဆုံးခဲ့တဲ့ရာသီမှာ ဖီအိုရင်တီးနားဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ရီးရဲလ်ဘက်တစ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ 

၂၀၂၃ နွေရာသီမှာ ယူနိုက်တက်နဲ့လမ်းခွဲခဲ့တဲ့ စပိန်လက်ရွေးစင်ဂိုးသမားဟောင်းဟာ ၂၀၂၃-၂၄ ရာသီကို အသင်းလက်မဲ့နဲ့ ဖြတ်သန်းခဲ့ရပြီး ဖီအိုရင်တီးနားသို့ ပြောင်းရွှေ့ကာ ကစားသမားဘဝ ပြန်လည်စတင်ခဲ့ပါတယ်။ အီတလီမြေမှာတော့ စပိန်သားကို ထိပ်တန်းဂိုးသမားတစ်ယောက်အဖြစ် ပြန်လည်မြင်တွေ့ခဲ့ရပြီး တစ်ရာသီအတွင်း ပရိသတ်ချစ်ခင်အားပေးမှုလည်းအတော်လေးရရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ဒီဂီယာဟာ ဖီအိုရင်တီးနားအတွက် စီးရီးအေ ၃၅ ပွဲပါဝင်ကစားပေးခဲ့ပြီး ပင်နယ်တီ ၂ ကြိမ်အထိ ကာကွယ်ပေးခဲ့ကာ ၁၁ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဗီရိုနာကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း ဒီဂီယာဟာ အသင်းဖော်အတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လောလောဆယ်မှာ ဖီအိုရင်တီးနားဟာ နည်းပြသစ်ကိုရှာဖွေနေပေမယ့် ဒီဂီယာအား စာချုပ်သက်တမ်းတိုးမြှင့်ကြောင်းကို မကြာမီမှာပဲ ကြေညာလာဖွယ်ရှိပါတယ်။ နည်းပြဟောင်း ရက်ဖ်ဖေလီပယ်လာဒီနိုအနေနဲ့ အသင်းမှာဆက်လက်နေထိုင်လိုခြင်းမရှိတာကြောင့် မကြာသေးမီကပဲ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး လမ်းခွဲခဲ့တာဖြစ်ပါတယ်။