The network connection is lost.

Banner Image

အလွန်ဆိုအတွက် ဘယ်နေရာမှာမဆို ပါဝင်ကစားပေးဖို့ အဆင့်သင့်ဖြစ်နေတဲ့ ကာဗာဂျယ်လ်

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိကာ ကာလရှည်အနားယူခဲ့ရပြီးနောက် အသင်းလူစာရင်းဆီပြန်လာဖို့ အာရုံစိုက်နေတဲ့ ဝါရင့်စပိန်ခံစစ်အစွန်ကစားသမား ကာဗာဂျယ်လ်က ရီးရဲလ်မက်ဒရစ်နည်းပြသစ်အလွန်ဆိုလက်အောက် အသင်းအတွက် ဘယ်နေရာမှာမဆို ပါဝင်ကစားပေးဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ ကာဗာဂျယ်လ်က အခုလအစောပိုင်းမှာပဲ အသင်းလေ့ကျင့်ရေးအစီအစဉ်ဆီ ပြန်လည်ပူးပေါင်းလာခဲ့ပြီး လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ အလွန်ဆိုရဲ့လက်အောက်မှာ ပွဲကစားချိန်တွေရရှိလာဖို့ မျှော်လင့်နေပါတယ်။

အောက်တိုဘာလအစောပိုင်း၊ ဗီလာရီးရဲလ်ကို အနိုင်ယူခဲ့တဲ့လာလီဂါပွဲစဉ်မှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့တဲ့ ကာဗာဂျယ်လ်အတွက် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက ခက်ခဲတဲ့ရာသီတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီဒူးဒဏ်ရာကြောင့် အသက်-၃၃ နှစ်အရွယ်နောက်တန်းကစားသမားက လက်ကျန်ရာသီတလျှောက်လုံးကို လွဲချော်ခဲ့ပါတယ်။ လတ်တလောမှာ စပိန်သားက မက်ဒရစ်ရဲ့လေ့ကျင့်ရေးအစီအစဉ်ဆီ ပြန်ပူးပေါင်းလာပြီး ဒဏ်ရာအခြေအနေပိုမိုကောင်းမွန်စေရန်နဲ့ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ရန် ကြိုးပမ်းနေပါတယ်။

ကာဗာဂျယ်လ်က နည်းပြအလွန်ဆိုလက်အောက် အသင်းရဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရှုံးပွဲမရှိဖြတ်သန်းနေမှုကို အနီးကပ်စောင့်ကြည့်နေပြီး စပိန်လူမျိုးနည်းပြသစ်လက်အောက် ဘယ်နေရာမှာမဆို ပါဝင်ကစားပေးဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ကြွေးကြော်ရင်း နည်းပြသစ်ကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီသစ်မှာတော့ စပိန်ဝါရင့်ခံစစ်မှူးက အခုနွေရာသီ၊ အင်္ဂလန်ချန်ပီယံလီဗာပူးမှ ပြောင်းရွှေ့ရောက်ရှိလာတဲ့ အာနိုးလ်နဲ့ ပွဲထွက်ခွင့်နေရာအတွက် အကြိတ်အနယ်ယှဉ်ပြိုင်သွားရပါမယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကာဗာဂျယ်လ်က “ ချူအာမန်နီကို နေရာချထားပေးမှုနဲ့အတူ နည်းပြက အသင်းဆီ စစ်မှန်တဲ့စွယ်စုံရအရည်အသွေးကို ယူဆောင်ပေးလာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်လည်း ဂိုးတိုင်နှစ်ခုအကြား ဂိုးသမားအဖြစ် တာဝန်ယူရမယ်ဆိုရင်တောင် အသင်းအတွက် ဘယ်နေရာမှာမဆို ပါဝင်ကစားပေးပါမယ်။ ကျွန်တော်က ဗဟိုခံစစ်မှူး၊ ဘယ်အစွန်ခံစစ်ကစားသမားနေရာနဲ့ တောင်ပံကစားသမားနေရာတွေမှာ ကစားခဲ့ဖူးပါတယ်။ နည်းပြဆီမှ တောင်းဆိုလာမယ့်အရာတစ်ခုခုအတွက် ကျွန်တော် အမြဲတမ်းအဆင့်သင့်ဖြစ်နေပါမယ်။ တက်နိုင်သလောက်လည်း ကူညီပေးသွားချင်ပါတယ်။

တကိုယ်ရည်ခံစားချက်အရဆိုရင် ကျွန်တော့်ရဲ့အခြေအနေ အရမ်းကောင်းနေပါပြီ။ အသင်းဆီလည်း အရှိန်အဟုန်နဲ့ ပြန်လာနေပါပြီ။ မနက်ဖြန်၊ ဂျူဗင်တပ်စ်နဲ့ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ကျွန်တော် ပါဝင်လာမလားဆိုတာတော့ မသိရသေးပါဘူး။ အကယ်၍ ကျွန်တော့်ကိုသာ ပွဲကစားခွင့်ပေးမယ်ဆိုရင် ကျွန်တော် ရာနှုန်းပြည့်ပေးဆပ်သွားမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း သိပါတယ်။ ထိတ်လန့်မှုမရှိသလို ယုံကြည်မှုလည်း အမြင့်ဆုံးအထိ ရောက်ရှိနေပါပြီ။ အခု ကျွန်တော့်စိတ်ထဲမှာ ဒီအရာတွေပဲ ရှိပါတယ်။ ကျွန်တော့်အတွက် ပွဲကစားချိန်တွေ မရှိခဲ့ပါဘူး။ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ဆီ ကျွန်တော်ပြန်ရောက်လာတာ ရက်သတ္တပတ်နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်”လို့ ပြောပါတယ်။

ချန်ပီယံလိဂ်ဆုဖလား ၁၅ ကြိမ်တိုင်တိုင် အနိုင်ရရှိဖူးသူတွေက မိုင်ယာမီရှိ Hard Rock Stadium မှာ ကလပ်ကမ္ဘာ့ဖလား ၁၆-သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်သွားရပါမယ်။