The network connection is lost.

Banner Image

ဥရုဂွေးနဲ့ ပနားမားတို့ ကွာတားဖိုင်နယ်အဆင့်ကိုတက်လှမ်းခဲ့ပြီး အိမ်ရှင်အမေရိကန် ပြုတ်သွားတဲ့ ကိုပါအမေရိက အုပ်စုပွဲစဉ်များ

ယနေ့နံနက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိက အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေမှာ ဥရုဂွေးက အိမ်ရှင်အမေရိကန်ကို အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သလို ပနားမားကလည်း ဘိုလီဗီးယားကို ဂိုးပြတ်အနိုင်ရခဲ့လို့ အုပ်စု ဒုတိယနေရာနဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပါတယ်။ အမေရိကန်အနေနဲ့ ဥရုဂွေးကို မဖြစ်မနေအနိုင်ကစားဖို့လိုအပ်ခဲ့တာကြောင့် ပွဲအစမှာ ဖိဖိစီးစီးကစားပြီး သွင်းဂိုးရယူဖို့ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ မာမာထန်ထန်တုံ့ပြန်ပုံကြောင့် အတော်လေးရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အမေရိကန်က ပိုကောင်းခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ ဥရုဂွေးကပဲရရှိခဲ့ပြီး ပွဲကစားချိန် ၆၆ မိနစ်မှာ မားသီးယပ်စ် အိုလီဗီယာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ချေပဂိုးနဲ့အနိုင်ဂိုးတွေပြန်လည်ရရှိဖို့ အမေရိကန်က လူစားပြောင်းလဲမှုတွေပြုလုပ်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် အုပ်စုတတိယနဲ့ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။

အုပ်စုအတွင်း အခြားပွဲစဉ်မှာတော့ ပနားမားက မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့အတူ ဘိုလီဗီးယားကို ၃-၁ နဲ့ဂိုးပြတ် အနိုင်ယူခဲ့ပြီး သမိုင်းဝင် အုပ်စုရပ်တည်မှုနဲ့အတူ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ပွဲရဖို့လိုအပ်နေတဲ့ ပနားမားဟာ ပွဲအစမှာပဲ ဘိုလီဗီးယားကို ဖိအားပေးကစားခဲ့ပြီး ၂၂ မိနစ်မှာတော့ ဖာဂျာဒိုရဲ့သွင်းဂိုးနဲ့အတူ ပထမပိုင်းအတွင်း ၁-၀ နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၆၉ မိနစ်မှာ ဘိုလီဗီးယားအတွက် ချေပဂိုးကို လူစားဝင်ကစားသမား မီရန်ဒါက ပြန်လည်သွင်းယူပေးခဲ့လို့ ပွဲရဲ့အခြေအနေက ပြောင်းလဲသွားခဲ့သော်လည်း ပွဲကစားချိန် ၇၉ မိနစ်မှာ ဂူရာရိုက ပနားမားအတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ထို့နောက် ပွဲပြီးကာနီး ၉၀+၁ မိနစ်မှာ အနိုင်သေချာစေမယ့်  ဂိုးကို ယာနစ်က သွင်းယူပေးခဲ့တာကြောင့် ပနားမားတို့ သမိုင်းဝင်အုပ်စုရပ်တည်မှုနဲ့အတူ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။