The network connection is lost.

Banner Image

မက်ဆီနဲ့ ရွန်းနီတို့လို ကျောနံပါတ် ၁၀ ဝတ်ချင်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ပယ်လ်မာ

ချဲလ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပယ်လ်မာက သူဟာ ဘာစီလိုနာဂန္ထဝင်လီယွန်နယ်မက်ဆီ၊ ယူနိုက်တက်ဂန္ထဝင် ဝိန်းရွန်းနီတို့ကို အားကျအတုယူတာကြောင့် ကျောနံပါတ် ၁၀ အင်္ကျီကိုဝတ်ဆင်ချင်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးမှာ ကျောနံပါတ် ၂၀ ကိုသာ ပုံမှန်ဝတ်ဆင်ခဲ့တာဖြစ်ပြီး လော့စ်အိန်ဂျလိစ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှသာ ပထမဆုံးအကြိမ် ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ခွင့်ရခဲ့ပါတယ်။ ကျောနံပါတ် ၁၀ က အကြိုက်ဆုံးနံပါတ်ဖြစ်သလားလို့မေးမြန်းခဲ့ရာ ပယ်လ်မာက "မက်ဆီနဲ့ ရွန်းနီတို့လိုကစားသမားကြီးတွေဝတ်ခဲ့တဲ့နံပါတ်ဆိုတော့ ၁၀ က ထင်ရှားတဲ့ နံပါတ်တစ်ခုပါ။ ကျွန်တော့်ဘဝတစ်လျှောက်လုံး ကျောနံပါတ် ၁၀ ကိုပဲဝတ်ဆင်ချင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဂျိုကိုးလ်၊ အီဒင်ဟာဇက်တို့လို ဂန္ထဝင်ကစားသမားတွေအပြင် ဝီလီယမ်လိုကြယ်ပွင့်ကစားသမားတွေကလည်း ချဲလ်ဆီးမှာ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ခဲ့ကြပြီး မကြာသေးမီရာသီတွေမှာတော့ မူဒရစ်ခ်က အဆိုပါ နံပါတ် ၁၀ ကိုဝတ်ဆင်နေခဲ့တာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မူဒရစ်ခ်ဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် အမှုရင်ဆိုင်နေရပြီး ဘောလုံးလောကမှာ ကာလရှည်ပိတ်ပင်ခံရဖို့ရှိနေပါတယ်။ 

ဆက်လက်ပြီး ပယ်လ်မာက "ကျွန်တော် မူဒရစ်ခ်နဲ့စကားမပြောဖြစ်သေးပါဘူး။ ဒါပေမယ့် အချိန်တန်ရင်တော့ ပြောမှာပါ။ လောလောဆယ်သူ့ရဲ့အခြေအနေက ကျွန်တော်ဝင်ပါလို့ရတဲ့အခြေအနေမဟုတ်သေးလို့ပါ။ စကားတော့ပြောဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ပယ်လ်မာက နည်းပြအန်ဇိုမာရက်စ်ကာနဲ့ သဘောထားကွဲလွဲမှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း ပြန်လည်ငြင်းဆိုပြီး ဖြေရှင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ရီးရဲလ်ဘက်တစ်ကိုအနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲအပြီးမှာ ပယ်လ်မာက သူဟာ နောက်တန်းကိုလိုက်ကူညီလိုခြင်းမရှိကြောင်း ပြောကြားခဲ့တာဖြစ်ပြီး မာရက်စ်ကာကတော့ ဘယ်ကစားသမားမဆို နောက်တန်းမှာကူညီရမယ်လို့ ပြောကြားခဲ့ပါတယ်။ 

ပယ်လ်မာက "အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ဟာသတွေတောင်ရှိပါတယ်။ ကျွန်တော်ပြောခဲ့တာ နည်းပြကိုရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်စိတ်ထဲမှာ ဖြစ်ချင်တာကိုပဲပြောခဲ့တာပါ။ ဒါကြောင့် ဘာပြဿနာမှမရှိပါဘူး။ကျွန်တော်က ဘောလုံးကိုင်ပြီး မတူညီတဲ့ပုံစံနဲ့ကစားချင်ခဲ့ပါတယ်။ မာရက်စ်ကာကလည်း ကျွန်တော့်ကို ဘာလုပ်နိုင်မလဲဆိုတာ အခွင့်အရေးပေးခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပယ်လ်မာဟာ ၂၀၂၃ ခုနှစ်စက်တင်ဘာလမှာ မန်စီးတီးမှ ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အင်္ဂလိဂ်ဘောလုံးလောကရဲ့ အလားအလာအရှိဆုံးကစားသမားတစ်ယောက်အဖြစ် ထွန်းတောက်လာခဲ့ပါတယ်။ လာမယ့် စနေနေ့မှာတော့ ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်အဖြစ် ဖလာမင်ဂိုနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပယ်လ်မာကို ကျောနံပါတ် ၁၀ နဲ့ဆက်လက်မြင်တွေ့သွားရပါမယ်။