အိုဆီမင်ထွက်ခွာမှာကို မိမိတို့တားဆီးမှာမဟုတ်ကြောင်း အသင်းဥက္ကဌ ဒီလော်ရန်တစ် ပြောကြား
နာပိုလီဥက္ကဌ ဒီလော်ရန်တစ်က အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အိုဆီမင်အသင်းကနေထွက်ခွာမှာကို တားဆီးနိုင်စွမ်းမရှိကြောင်း ပြောကြားလိုက်ပါတယ်။
အိုဆီမင်ဟာ နာပိုလီအသင်းရဲ့ ၃၃ နှစ်ကြာစောင့်ဆိုင်းနေရတဲ့ စီးရီးအေ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းက ၃၂ ပွဲမှာ ၂၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဥရောပရဲ့အလားအလာအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်နွေရာသီမှာ နာပိုလီအသင်းက အိုဆီမင်ကိုဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းရဖွယ်ရှိနေပြီး ချဲလ်ဆီး ၊ အာဆင်နယ် ၊ ရီးရဲလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ကစားသမားကလည်း အနာဂတ်အတွက် ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။
အိုဆီမင်ကို ဈေးပေါပေါနဲ့တော့ ရနိုင်ဖွယ်မရှိပဲ ခေါ်ယူမယ့်အသင်းတွေအနေနဲ့ ပေါင် ၁၀၂ သန်းကနေ ပေါင် ၁၁၁.၂ သန်းအထိ အသုံးပြုရဖွယ်ရှိနေပါတယ်။ ဆုဖလားရယူနိုင်ခဲ့ပြီးနောက် နာပိုလီဟာ အိုဆီမင်ကို ဇန်နဝါရီတုန်းက ထိန်းသိမ်းနိုင်ခဲ့ပေမယ့် နွေရာသီမှာတော့ ဆက်ထိန်းဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။
“ဗစ်တာက နာပိုလီရဲ့နောက်ထပ်ကစားသမားကောင်းတစ်ဦးပါ။ ကျွန်တော်တို့မှာ ကာဗာနီ ၊ ဟီဂူအင် ၊ လာဗက်ဇီ ၊ မာတင်တို့လို ကစားသမားတွေရှိခဲ့ဖူးပါတယ်။ သူတို့က တကယ်ကောင်းတဲ့ကစားသမားတွေပါ။ အိုဆီမင်က အရမ်းကောင်းတဲ့ကစားသမားပါ။ ဒါပေမယ့် ခင်ဗျားသိလား။ နာပိုလီက အရမ်းကောင်းတဲ့နေရာပါ။ ကစားသမားတော်တော်များများက ဒီမှာနေရတာကို နှစ်သက်ကြပါတယ်။ ဟမ်ဆစ်ဆို ၁၁ နှစ်လောက် ဒီမှာနေခဲ့တာပါ။ အခြားသူတွေဆို ၈ နှစ်လောက် ဒီမှာနေခဲ့ပါတယ်။ အခုဆို ကျွန်တော်တို့ကစားသမားတစ်ဦးကို ထိပ်တန်းအသင်းတွေက မျက်စိကျနေပါတယ်။ ဒါကြောင့် ခင်ဗျားသူတို့ကိုရပ်တန့်နိုင်ပါ့မလား။ အထူးသဖြင့် သတ်မှတ်ထားတဲ့ငွေကြေးနဲ့ဆိုရင် လက်လွှတ်ရမှာပါ။ သူ့မှာစာချုပ်ဖျက်သိမ်းကြေးရှိပါတယ်။ အဲ့တာက အရမ်းကြီးမားတဲ့ငွေကြေးပါ။ သူထွက်ခွာမလားဆိုတာ ဘယ်သူကသိမှာလဲ။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရမှာပါ။ နာပိုလီအတွက်နောက်ဆုံးပြဿနာက ငွေကြေးပါ။ ကျွန်တော်တို့ အတိတ်ကာလတုန်းက အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ အနာဂတ်မှာလည်း အဲ့လိုဆက်ဖြစ်အောင် လုပ်ဆောင်မှာပါ။ ပြဿနာက သံယောဇဉ်ပါ။ ကစားသမားတစ်ဦးထွက်ခွာချိန်မှာ သားတစ်ယောက်လိုပဲခံစားရပါတယ်။ သားတစ်ယောက် ဘယ်နေရာမှာမဆိုအောင်မြင်နေမယ်ဆိုရင် ခင်ဗျားအနေနဲ့ ပျော်ရွှင်မှာပါ”လို့ ဒီလော်ရန်တစ်က ပြောကြားခဲ့ပါတယ်။
အခုအပတ်အင်တာဗျူးတစ်ခုမှာ မီခေးလ်က အိုဆီမင်ကို ချဲလ်ဆီးထံပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယယ်။ “ကျွန်တော် အိုဆီမင်ရဲ့အေးဂျင့်ဖြစ်နေဆဲပါ။ သူ့ကိုချဲလ်ဆီးထံရောက်အောင် ကြိုးစားနေပါတယ်။ ကျွန်တော်အပြောင်းအရွှေ့ရဲ့ ၂၀% ကိုလုပ်ဆောင်နေပါတယ်။ အလုပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၂ ဖက်လုံးကတော့ အပြောင်းအရွှေ့ကို စိတ်ဝင်စားနေပါတယ်။ သူက အသင်းကိုချစ်သလို ချဲလ်ဆီးကိုလည်း လာချင်နေပါတယ်။ အခြားနိုင်ဂျီးရီးယားကစားသမားတွေဖြစ်တဲ့ မော့ဆက်စ် ၊ ဘာကာယိုကိုတို့လမ်းစဉ်ကိုလိုက်ချင်နေပါတယ်။ လန်ဒန်က အံ့ဖွယ်မြို့ပါ။ အခြားမြို့တွေထက်ပိုကောင်းပါတယ်။ ဒါပေမယ့် သူ့ကို အခြားအသင်းတွေကလည်း စိတ်ဝင်စားနေပါတယ်။ ကျွန်တော် သူ့ကိုချဲလ်ဆီးရောက်အောင် တွန်းအားပေးနေပါတယ်။ သေချာအောင်လုပ်ဆောင်နေပေမယ့် ကြိမ်းသေဖြစ်လာဖို့တော့ ကြည့်ရဦးမှာပါ။ ကျွန်တော် တွန်းအားပေးလုပ်ဆောင်နေပါတယ်။ သူအသင်းကို လာဖို့မျှော်လင့်ပါတယ်။ ကာရာဘောင်ဖလားပွဲကို လူတိုင်းကြည့်ကြမှာပါ။ အဲ့တာဆိုရင် ချဲလ်ဆီးအသင်းမှာ သွင်းဂိုးလိုအပ်ချက်ရှိနေတယ်ဆိုတာ မြင်နိုင်ပါတယ်။ ချဲလ်ဆီးက အိုဆီမင်လို ဂိုးများများသွင်းနိုင်မယ့်ကစားသမားမျိုးလိုအပ်နေတာပါ”လို့ မီခေးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။