The network connection is lost.

Banner Image

ဝုဖ်ဘတ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိသွားတဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း အဲရစ်ဆင်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟောင်း ခရစ်ရှင်အဲရစ်ဆင်ဟာ အသင်းလက်မဲ့နဲ့ ၂ လကျော်ကြာနေထိုင်ပြီးနောက် ယခုအခါမှာတော့ တော့တင်ဟမ်အသင်းဖော်ဟောင်း ဟယ်ရီကိန်းရဲ့လမ်းကြောင်းကိုလိုက်ပြီး ဘွန်ဒက်စ်လီဂါသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လကုန်မှာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အဲရစ်ဆင်ဟာ အသင်းသစ်သို့ချက်ချင်းပြောင်းရွှေ့နိုင်ခဲ့ခြင်းမရှိဘဲ တစ်ကိုယ်တော်လေ့ကျင့်ရေးဆင်းပြီး ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ ဝုဖ်ဘတ်နဲ့ စတင်ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်ကို ဒိန်းမတ်နည်းပြဟောင်း ကတ်စ်ပါယူလ်မန်းကိုင်တွယ်နေတဲ့ လေဗာကူဆင်ကလည်း ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် ဝုဖ်ဘတ်က လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက်ပါဝင်ကစားရင်း မတော်တဆ နှလုံးရပ်ခဲ့တဲ့ အဲရစ်ဆင်ဟာ ဘောလုံးပြန်ကစားနိုင်ချိန်မှာတော့ ဘရန့်ဖို့ဒ်နဲ့ ယူနိုက်တက်တို့မှာ ကစားသမားဘဝ ပြန်လည်စတင်ခဲ့ပါတယ်။ 

ယခု ဝုဖ်ဘတ်ကိုပြောင်းရွှေ့ခြင်းက အဲရစ်ဆင်ရဲ့ ပထမဆုံးအကြိမ် ဂျာမနီမြေမှာ လာရောက်ကစားတာဖြစ်ပြီး ဒိန်းမတ်သားအနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ထိပ်တန်းခြေစွမ်းကို ဆက်လက်ပြသနိုင်မလား စောင့်ကြည့်ရပါမယ်။ ဂျာမနီသတင်းတွေအရ လေဗာကူဆင်ဟာ နည်းပြသစ် ယူလ်မန်းရဲ့ဦးဆောင်မှုနဲ့အတူ အဲရစ်ဆင်ကို ခေါ်ယူဖို့ အရင်ဆုံးကြိုးစားခဲ့တယ်လို့သိရပါတယ်။ 

ယူလ်မန်းဟာ ဒိန်းမတ်ကိုကိုင်တွယ်စဉ်က အဲရစ်ဆင်နဲ့လက်တွဲအလုပ်လုပ်ခဲ့ဖူးတာကြောင့် သူယုံကြည်စိတ်ချရတဲ့ကစားသမားကို အသင်းမှာခေါ်ယူထားချင်ခဲ့ပုံပေါ်ပါတယ်။ သို့သော်လည်း အပြောင်းအရွှေ့ပြိုင်ပွဲမှာတော့ ဝုဖ်ဘတ်က အသာရခဲ့ပြီး ကစားသမားကို အမိအရခေါ်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်မှထွက်ခွာလာခဲ့ပြီးကတည်းက အဲရစ်ဆင်ဟာ ဆွီဒင်ကလပ် မယ်လ်မိုမှာ တစ်ကိုယ်တော်လေ့ကျင့်ရေးဆင်းနေခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ အဲရစ်ဆင်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲအထိ ဝင်ရောက်ကစားခဲ့ပြီး ၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားနိုင်တာကြောင့် ခြေစွမ်းပိုင်းအရ အတော်လေးကျင်ဆင်းသွားခြင်းမရှိတာကို မြင်တွေ့ထားရပါတယ်။ လာမယ့် စနေနေ့မှာတော့ ဝုဖ်ဘတ်ဟာ ကိုလုံးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲရစ်ဆင်တစ်ယောက် ဘွန်ဒက်စ်လီဂါပွဲဦးထွက်ကို စတင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။