ဝုဗ်နဲ့ပွဲစဉ်မှာ ပယ်လ်မာပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ ထုတ်ပြောခဲ့တဲ့ မာရက်စ်ကာ
လာမယ့်တနင်္လာနေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဝုဗ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ချဲလ်ဆီးရဲ့ဂိုးသွင်းစက် ကိုးလ်ပယ်လ်မာ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ နည်းပြမာရက်စ်ကာက သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။
အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ပယ်လ်မာက ဘုန်းမောက်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့အင်္ဂါနေ့ပွဲစဉ်အတွင်း ပြိုင်ဘက်ရဲ့ဘောလုံးဖျက်ထုတ်မှုတစ်ခုအပြီးမှာ ကိုးရိုးကားရား လဲကျသွားခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်လက်ရွေးစင်က လက်ကျန်ပွဲချိန်တွေကို ဆက်ပြီးပါဝင်ကစားခဲ့ပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မာရက်စ်ကာက “ ပယ်လ်မာကို ပြိုင်ဘက်တွေက လူချကစားခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့တော့ သူ လေ့ကျင့်ခန်းမဆင်းနိုင်ပါဘူး။
မနက်ဖြန်မှာလည်း သူ လေ့ကျင့်ခန်းဆင်းနိုင်မလား ကျွန်တော်တို့ မသိသေးပါဘူး။
ကိုးလ်ပယ်လ်မာ၊ ကိုလ်ဝဲနဲ့ လာဗီယာတို့ ဒီနေ့လေ့ကျင့်ရေးအစီအစဉ်မှာ မပါဝင်ခဲ့ပါဘူး။ နောက်ဆုံးပွဲစဉ်မှာ ပြဿနာအချို့ကြုံတွေ့ခဲ့ရတဲ့ ကစားသမားအချို့ရှိနေလို့ လာမယ့်တနင်္လာနေ့ပွဲစဉ်အတွက် ကစားသမားသုံးဦး(သို့မဟုတ်)လေးဦးလောက် ပါဝင်ကစားနိုင်ပါ့မလားဆိုတာ သံသယနဲ့ စောင့်ကြည့်နေရပါတယ်။
ကိုးလ်ပယ်လ်မာက ကစားသမားကောင်းတစ်ဦးဖြစ်လို့ ကျွန်တော်တို့အတွက် အားကိုးရပါတယ်။ ကျွန်တော်တို့လည်း ကိုးလ်ပယ်လ်မာ ပါဝင်ကစားပေးတာကို ကြိုက်ပါတယ်။ ဒါပေမယ့် သူ့မှာ ဒဏ်ရာပြဿနာတစ်ခုရှိနေလို့ ကျွန်တော်တို့တွေ အဖြေတစ်ခုတော့ ရှာဖွေသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
နောက်ဆုံးငါးပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ ချဲလ်ဆီးက အမှတ်ပေးဇယားအဆင့်-၅ နေရာမှာ ရပ်တည်နေပြီး သြဂုတ်လအတွင်း ဝုဗ်ကို ၆-၂ ဂိုးနဲ့ အနိုင်ယူခဲ့ဖူးပါတယ်။ ဒါပေမယ့် မာရက်စ်ကာကတော့ လာမယ့်တနင်္လာနေ့ပွဲစဉ်မှာ အခုလိုရလဒ်မျိုးထွက်ပေါ်လာလိမ့်မယ်လို့ မယူဆထားပါဘူး။ ဝုဗ်က ပြီးခဲ့တဲ့လအတွင်း နည်းပြသစ်ပါရဲယားကို ခန့်အပ်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်-၁၇ မှာ ရပ်တည်နေပါတယ်။
မာရက်စ်ကာက “ သူတို့တွေ နည်းပြသစ်ပြောင်းလဲထားပါတယ်။
ဒါကြောင့် အတွေးအခေါ်တွေ မတူညီတော့ပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်က အရမ်းအရေးကြီးတယ်လို့လည်း ကျွန်တော်မထင်ပါဘူး။ ဒါက နည်းပြသစ်နဲ့အတူ ပွဲစဉ်အသစ်တစ်ခု ဖြစ်ပါတယ်။ တိုက်စစ်၊ ခံစစ်ကစားပုံလည်း မတူညီတော့ပါဘူး။ ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နိုင်ဖို့နဲ့ သုံးမှတ်အပြည့်ရရှိဖို့အတွက် မျှော်လင့်မိပါတယ်”လို့ ဆက်ပြောပါတယ်။