The network connection is lost.

Banner Image

အိုဆီမင်ကို ခေါ်ယူဖို့ ငွေသားအပြင် လူကာကူကိုပါ အလိုက်ပေးသွားမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီ  အပြောင်းအရွှေ့မှာ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်ကို ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ကြေးငွေသားအပြင် အသင်းရဲ့တိုက်စစ်မှူး ရိုမီယိုလူကာကူကိုပါ အလိုက်ပေးပြီး ဆွဲဆောင်သွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်အသင်းဟာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီနဲ့အပြိုင် အိုဆီမင်ကိုခေါ်ယူဖို့အတွက် ကာလရှည်ချိတ်ဆက်နေခဲ့တာဖြစ်ပြီး လူးဝစ်အင်းနရစ်ရဲ့အသင်းကလည်း ထွက်ခွာသွားတဲ့ ကီလီယန်အမ်ဘာပေရဲ့နေရာမှာ နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားနဲ့ အစားထိုးလိုနေတာဖြစ်ပါတယ်။

သို့သော်လည်း အိုဆီမင်က ပရီးမီယားလိဂ်လို့သာ ပြောင်းရွှေ့လိုတယ်လို့ ပြောကြားထားတာကြောင့် ချဲလ်ဆီး အသင်းအတွက် ခေါ်ယူနိုင်ဖို့ အလားအလာပိုရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ယခုရာသီမှာ ရိုးမားသို့အငှားနဲ့ သွားရောက်ခဲ့တဲ့ လူကာကူကို အလိုက်ပေးဖို့ ပြင်ဆင်နေတာကြောင့် နာပိုလီဘက်ကလည်း ကမ်းလှမ်းချက်ကို လက်ခံဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

နာပိုလီအနေနဲ့ လာမယ့် နွေရာသီမှာ ချဲလ်ဆီးနည်းပြဟောင်း အန်တိုနီယိုကွန်တီကို စတင်ခန့်အပ်ဖို့ အလားအလာရှိနေတာကြောင့် ကွန်တီအနေနဲ့ ယခင်က လက်တွဲခဲ့ဖူးတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးနဲ့ ပြန်လည်လက်တွဲလိုစိတ်ရှိနေနိုင်တာလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့ ချဲလ်ဆီးဟာ မကြာသေးမီက အသင်းကနေ ထုတ်ပယ်ထားတဲ့ မော်ရီစီယိုပိုချက်တီနိုရဲ့နေရာမှာ အန်ဇိုမာရက်စကာကို ခန့်အပ်ဖို့နီးစပ်နေပြီး မကြာခင်မှာပဲ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။ တကယ်လို့ မာရက်စကာကို ခန့်အပ်ပြီးနောက်မှာ အိုဆီမင်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အသက်-၂၅ နှစ်အရွယ် ကစားသမားဟာ နည်းပြသစ်လက်ထက် ချဲလ်ဆီးရဲ့ပထမဆုံးခေါ်ယူမှု ဖြစ်လာဖွယ်ရှိပါတယ်။