ဆီနီဂေါအတွက် ကစားပေးရင်း ခြေကျင်းဝတ်ဒဏ်ရာရရှိသွားတဲ့ ချဲလ်ဆီးတိုက်စစ်မှူးဂျက်ဆန်
ချဲလ်ဆီးတိုက်စစ်မှူး နီကိုလပ်စ်ဂျက်ဆန်ဟာ ဆီနီဂေါလက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံ့တာဝန်ထမ်းဆောင်နေချိန်မှာပဲ ခြေကျင်းဝတ်ဒဏ်ရာ ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့၊ DR ကွန်ဂိုနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်းမှာ အသက်-၂၂ နှစ်အရွယ်ကစားသမား ဒဏ်ရာရရှိခဲ့ပြီး လူစားလဲလှယ်ခဲ့ရပါတယ်။
ဆီနီဂေါလက်ရွေးစင်အသင်းက ဒီနေ့ညပိုင်းမှာ မော်ရစ်တေးနီးယားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ဆက်လက်ကစားရဖို့ရှိနေပေမယ့် ဂျက်ဆန်ကို အသင်းလူစာရင်းမှ ဖယ်ရှားခဲ့ရတယ်လို့ အသင်းဆေးအဖွဲ့မှ တရားဝင်အတည်ပြုသွားခဲ့ပါတယ်။
ညာခြေကျင်းဝတ်ဒဏ်ရာရရှိနေတဲ့ဂျက်ဆန်ကို ဓါတ်မှန်ရိုက်စစ်ဆေးကြည့်ရာမှာ ပြင်းထန်တဲ့ အဆစ်လွဲဝေဒနာတစ်ခု ရရှိခဲ့တာဖြစ်တယ်လို့ ဆီနီဂေါလက်ရွေးစင်အသင်းဆေးအဖွဲ့က ဆိုပါတယ်။
လက်ရှိမှာ ချဲလ်ဆီးတိုက်စစ်မှူးအနေဖြင့် ဇူလိုင်လ၊ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မတိုင်ခင် ဒဏ်ရာမှ ပြန်လည်သက်သာလာလိမ့်မယ်လို့ သိရပါတယ်။ အန်ဇိုမာရက်စကာရဲ့အသင်းက လာမယ့်နွေရာသီကာလအတွင်း အမေရိကန်နိုင်ငံဆီ ရာသီကြိုခရီးစဉ်ထွက်ခွာဖို့ ရှိနေပါတယ်။ သူတို့တွေက ဝရက်ဇ်ဟမ်း၊ ဆဲလ်တစ်၊ ကလပ်အမေရိက၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ခြေစမ်းပွဲကစားသွားပါလိမ့်မယ်။
ချဲလ်ဆီးကစားသမားဘဝဗွေဆော်ဦးဘောလုံးရာသီမှာ ဂျက်ဆန်က အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူပေးခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းမတည်ငြိမ်မှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။