
ဂိုးသမားနေရာအတွက် အေစီမီလန်စတားကို ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီး
သတင်းတွေအရ ချဲလ်ဆီးနည်းပြ မာရက်စ်ကာတစ်ယောက် ဂိုးသမားနေရာအတွက် အေစီမီလန်ဂိုးသမား မိုင်နန်ကိုခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုရဲ့အဆိုအရ မိုင်နန်ဟာ အေစီမီလန်နဲ့ စာချုပ်သက်တမ်းတိုးဖို့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ အဆိုပါအခြေအနေကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူနိုင်ဖို့ အချက်ပေးခေါင်းလောင်းသံဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ မီလန်နဲ့ မိုင်နန်တို့ကြား အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
မိုင်နန်ကို ချဲလ်ဆီးအသင်းစိတ်ဝင်စားနေတာကြာမြင့်နေပြီဖြစ်ကာ အချို့အချိန်တွေမှာ ခေါ်ယူမယ့်စာရင်းထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်ဘက်က သူတို့အဓိကကဂိုးသမားကို ဆက်ထိန်းထားချင်နေပြီး တကယ်လို့ရောင်းချခဲ့ရမယ်ဆိုရင်တောင် မြင့်မားတဲ့တန်ကြေးရမှသာ ရောင်းချဖွယ်ရှိနေပါတယ်။
ချဲလ်ဆီးအနေနဲ့ မိုင်နန်ကိုခေါ်ယူဖြစ်မယ်ဆိုရင် ၂ ဦး ၂ ဖက်အကျိုးရှိမှာဖြစ်ပြီး ထိပ်တန်းဂိုးသမားကိုရမှာဖြစ်သလို ပြင်သစ်သားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ အစမ်းသပ်ခံရမှာဖြစ်ပါတယ်။ မာရက်စ်ကာကအနေနဲ့ ဆုဖလားတွေစိန်ခေါ်နိုင်ဖို့အပြင် လက်ရှိဂိုးသမား ဆန်းချက်ဇ်ကို ဖိအားပေးနိုင်ဖို့ ဂိုးသမားအသစ်ခေါ်ယူချင်နေပါတယ်။ လာမယ့်ရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရတာကြောင့် ချဲလ်ဆီးအနေနဲ့ ထိပ်တန်းအဆင့်အတန်းမျိုးလိုအပ်နေတာဖြစ်ပါတယ်။