
အေဂျက်စ်ကိုအနိုင်ရတဲ့ပွဲစဉ်မှာ ချန်ပီယံလိဂ်စံချိန် ၂ ခု ချိုးဖျက်ခဲ့တဲ့ ချဲလ်ဆီး
ကြာသပတေးနေ့နံနက်က အေဂျက်စ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးဟာ လူငယ်ကစားသမားအများအပြားကိုပွဲထုတ်ခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ စံချိန် ၂ ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အေဂျက်စ်အနေနဲ့ ယခုပွဲစဉ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာလာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲအစ ၁၅ မိနစ်မှာပဲ အသင်းခေါင်းဆောင် ကန်းနက်တေလာက တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ဂိုးပြတ်ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
တေလာတစ်ယောက် အနီကတ်ပြထုတ်ပယ်ခံလိုက်ရပြီးမကြာမီမှာပဲ ချဲလ်ဆီးတိုက်စစ်မှူးလေး မာ့ခ်ဂွီယူက ဦးဆောင်ဂိုးကိုစတင်သွင်းယူခဲ့တာကြောင့် အသက်-၁၉ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ချဲလ်ဆီးအတွက်ဂိုးတွေကို ကွင်းလယ်လူတွေဖြစ်တဲ့ အန်ဇိုမာရက်စ်ကာနဲ့ ကိုင်စီဒိုတို့က ဆက်တိုက်သွင်းယူခဲ့တာကြောင့် အေဂျက်စ်ကို ၃-၁ နဲ့ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးကာနီးမှာပဲ ချဲလ်ဆီးအနေနဲ့ နောက်ထပ်ပင်နယ်တီပြစ်ဒဏ်ဘော ထပ်မံရရှိခဲ့ပြီး အန်ဇိုက လူငယ်ကစားသမားလေး အက်စတီဗာအိုကိုကန်သွင်းခွင့်ပေးခဲ့ပါတယ်။
အသက်-၁၈ နှစ်အရွယ် အက်စတီဗာအိုကလည်း ရရှိလာတဲ့အခွင့်အရေးကို အမိအရအသုံးချပြီး ပင်နယ်တီကို သွင်းဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့လို့ အဖွင့်ဂိုးသွင်းယူထားတဲ့ ဂွီယူရဲ့စံချိန်ကိုကျော်ဖြတ်ပြီး ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးဟာ ပွဲကိုသက်တောင့်သက်သာပဲထိန်းချုပ်ကစားပြီး နောက်ထပ်အနိုင်ဂိုးတစ်ဂိုးထပ်မံရရှိခဲ့ကာ အဆိုပါဂိုးကိုတော့ အသက်-၁၉ နှစ်အရွယ် တိုင်ရစ်ဂျော့ဂျ်က သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ချဲလ်ဆီးဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲအတွင်း ဆယ်ကျော်သက်ကစားသမား ၃ ဦးအထိ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးဘောလုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။