
အေဂျက်စ်နောက်ခံလူ ဟာတိုကိုခေါ်ယူဖို့ သဘောတူညီမှုရသွားတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ အေဂျက်စ်နောက်ခံလူ ဂျော်ရဲလ်ဟာတိုကိုခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ပြီး ကနီဦးပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် ၃၇ သန်းပေးချေသွားမယ်လို့သိရပါတယ်။ အသက်-၁၉ နှစ်အရွယ်ကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ၇ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမှာဖြစ်ပြီး မကြာခင်မှာပဲ ဆေးစစ်မှုတွေပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဟာတိုကို အသင်းရဲ့နောက်တန်းအင်အားဖြည့်တင်းရေးအတွက် အရေးပါတဲ့ကစားသမားအဖြစ်ရှုမြင်ထားပြီး ကစားသမားဟာ ဘယ်နောက်ခံနေရာမှာသာမက ဗဟိုခံစစ်မှာပါ ကစားနိုင်တဲ့ စွယ်စုံရနောက်ခံလူတစ်ယောက်ဖြစ်ပါတယ်။
ဟာတိုဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၁၆ နှစ်သားအရွယ်ကတည်းက အေဂျက်စ်မှာစတင်ခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ နယ်သာလန်သားဟာ အေဂျက်စ်အသင်းသမိုင်းတစ်လျှောက် တတိယမြောက်အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။
စတင်ပွဲထွက်ခွင့်ရချိန်ကတည်းက အေဂျက်စ်ရဲ့နောက်တန်းကို အကောင်းမွန်ဆုံးထိန်းကျောင်းနိုင်ခဲ့တဲ့ ၁၉ နှစ်သားဟာ ယခုအခါမှာတော့ အသင်းအတွက်စုစုပေါ့င်း ၇၅ ပွဲအထိပါဝင်ကစားခွင့်ရထားပါတယ်။ အေဂျက်စ်အနေနဲ့ ကစားသမားသစ်တွေပြန်လည်ခေါ်ယူဖို့အတွက် ဘဏ္ဍာငွေရှာတဲ့အနေနဲ့ ဟာတိုကိုရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။
ယခုနွေရာသီအတွင်း ထိပ်တန်းကြယ်ပွင့်ကစားသမားတွေခေါ်ယူပြီးအင်အားဖြည့်တင်းနေတဲ့ချဲလ်ဆီးဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်လည်းရရှိထားတာကြောင့် နောက်ထပ်ကစားသမားသစ်တွေထပ်မံခေါ်ယူဖို့ပြင်ဆင်ထားပါသေးတယ်။ သတင်းတွေအရ ချဲလ်ဆီးဟာ လိုက်ပ်ဇစ်တိုက်စစ်ကြယ်ပွင့် ဇာဗီဆိုင်မွန်စ်ကိုလည်း မကြာမီမှာပဲ ခေါ်ယူနိုင်တော့မယ်လို့သိရပါတယ်။
လက်ရှိချဲလ်ဆီးမှထွက်ခွာမယ့်ကစားသမားစာရင်းမှာ ခရစ္စတိုဖာအန်ကွန်ကူနဲ့ နီကိုလက်စ်ဂျက်ဆန်တို့လည်းပါဝင်နေတာကြောင့် နည်းပြအန်ဇိုမာရက်စ်ကာအနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦးကိုလည်း ထပ်မံခေါ်ယူသွားဖွယ်ရှိပါတယ်။ ချဲလ်ဆီးရဲ့အရောင်းစာရင်းထဲမှာ ရာဟင်းမ်စတာလင်၊ ဘန်ချီဝဲလ်၊ ရီနာတိုဗီဂါ၊ ဒီဆာဆီ၊ ကာနေးချူကွီမီကာ၊ အာမန်ဒိုဘရိုဂျာနဲ့ လက်စ်လေယူဂိုချူကူတို့လည်းပါဝင်နေတယ်လို့သိရပါတယ်။
ယခုနွေရာသီအတွင်း ချဲလ်ဆီးခေါ်ယူထားခဲ့တဲ့ ကစားသမားတွေကတော့ ဂျေမီဂစ်တန်( ပေါင် ၄၈ သန်း)၊ ဂျာအိုပက်ဒရို(ပေါင် ၅၅ သန်း)၊ လီယမ်ဒီလပ်(ပေါင်သန်း ၃၀)၊ မာမာဒူဆား(ပေါင် ၁၂ သန်း)၊ ဒါရီယိုအက်ဆူဂို(ပေါင် ၁၈ သန်း)၊ အက်စတီဗာအိုဝီလီယံ(ပေါင် ၂၉ သန်း)နဲ့၊ ကန်ဒရီပေ့ဇ်(ပေါင် ၁၇ သန်း) တို့ဖြစ်ပါတယ်။