
ပြင်သစ်သားအတွက် အေစီမီလန်ရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တဲ့ ချဲလ်ဆီး
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ အန်ကူကူအတွက် အေစီမီလန်ရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တယ်လို့ သိရပါတယ်။ လပေါင်းများစွာသတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ချဲလ်ဆီးဟာ အန်ကူကူအတွက် အေစီမီလန်ရဲ့ယူရို ၃၅ သန်း + အပိုဆုကြေး ယူရို ၇ သန်းနဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။ ရိုမာနိုကိုယ်တိုင်ကလည်း အဆိုပါသတင်းကို အတည်ပြုခဲ့ပြီး အန်ကူကူဟာ ၂၀၂၃ တုန်းက ချဲလ်ဆီးထံပြောင်းရွှေ့လာခဲ့ပေမယ့် ပြိုင်ပွဲစုံ ၆၂ ပွဲပါဝင်ကစားထားခဲ့ပါတယ်။
အေစီမီလန်က ကစားသမားနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီးဖြစ်ကာ ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ အခုချိန်မှာ ၂ သင်းကြားအပြောင်းအရွှေ့အတွက် အပြီးသတ်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အန်ကူကူရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝက ဒဏ်ရာပြဿနာတွေအပြင် နည်းစနစ်ပိုင်းအသားမကျမှုတွေလည်း ပါဝင်နေပါတယ်။
အသက် ၂၇ နှစ်သားဟာ မာရက်စ်ကာလက်အောက်မှာ အချိန်အများစုကို အရန်ခုံမှာသာ ပါဝင်ခဲ့ပြီး အခုနွေရာသီမှာ ရောင်းချဖို့အထိ တွန်းအားပေးခံခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်အသင်းက အန်ကူကူကိုခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း အငှားခေါ်ယူမှုက အဆင်မပြေခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဘက်က သူတို့စတားကို အပြီးသတ်ရောင်းချချင်နေတာကြောင့် အငှားခေါ်ယူမယ့်အသင်းတွေအတွက် အဆင်မပြေခဲ့တာဖြစ်ပါတယ်။
ဗီလာအသင်းအပြင် လိုက်ပ်ဇစ်အသင်းကလည်း ဇာဗီဆိုင်မွန်နဲ့ အလဲအထပ်လုပ်ဖို့ ချိတ်ဆက်ခဲ့ကာ အန်ကူကူကို လုပ်ခလစာ ၇၅%အထိ လျော့ယူဖို့ တောင်းဆိုခဲ့တာကြောင့် အဆင်မပြေဖြစ်ခဲ့ပါတယ်။ အန်ကူကူရောင်းချမှုကို အပြောင်းအရွှေ့မပိတ်ခင် ချဲလ်ဆီးဘက်က လုပ်ဆောင်နေပြီး ဂါနာချို ၊ လိုပက်ဇ် နဲ့ ဆိုင်မွန်တို့ကို ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။