ချန်ပီယံလိဂ်ထိပ်ဆုံး ၈ သင်းနေရာက နောက်ကျဂိုးတွေအပေါ်မူတည်သွားမယ်လို့ ဆိုလာတဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ဆလိုဗန်နဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မတိုင်မီ အုပ်စုအတွင်းနောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရမယ့် ထိပ်ဆုံး ၈ သင်းက ဘယ်အသင်းတွေဖြစ်မယ်ဆိုတာ ယခုနောက်ဆုံးပွဲရဲ့ နောက်ကျသွင်းဂိုးတွေအပေါ်မှာမူတည်နေတယ်လို့ ပြောကြားလာခဲ့ပါတယ်။
လက်ရှိချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲကစားပြီးချိန်မှာ ဘိုင်ယန်မြူးနစ်ဟာ အဆင့် ၁၅ နေရာမှာရပ်တည်နေပြီး အဆင့် ၈ နေရာက လေဗာကူဆင်နဲ့ ရမှတ် ၁ မှတ်သာကွာဟနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ယန်အနေနဲ့ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်မယ့်အခွင့်အရေးအတွက် ဆလိုဗန်နဲ့ယှဉ်ပြိုင်သွားရမယ့် နောက်ဆုံးပွဲစဉ်မှာ ခြေကုန်ထုတ်ရုန်းသွားရမှာဖြစ်ပါတယ်။
ဒီရာသီမှာ ပုံစံအသစ်နဲ့ပြောင်းလဲကျင်းပနေတဲ့ ချန်ပီယံလိဂ်စနစ်ကြောင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး ၈ သင်းသာ ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး အဆင့် ၉ မှ ၂၄ အထိအသင်းတွေကတော့ ပလေးအော့ဖ်ကစားပြီး အနိုင်ရမှသာ ရှုံးထွက်အဆင့်ကို ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
ကွန်ပနီက “ကျွန်တော်အလုပ်အရမ်းကြိုးစားနေပါတယ်။ ဖြစ်လာနိုင်တဲ့ရလဒ်တွေကိုလည်း ကြိုပြီးတော့ တွေးထားပါတယ်။ ဒီပွဲအပေါ်မှာ အပြည့်အဝအာရုံစိုက်ထားပါတယ်။ ဒီပွဲတွေက နောက်ဆုံးမိနစ်တွေအထိ စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ဂိုးလေး ၁ ဂိုးကလည်း ကျွန်တော်တို့ရဲ့ အုပ်စုအတွင်းရပ်တည်မှုတွေ ကပြောင်းကပြန်ဖြစ်သွားစေနိုင်ပါတယ်။ နောက်ဆုံးမိနစ်တွေက အရမ်းအရေးကြီးလာမှာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကွန်ပနီက ယခုယှဉ်ပြိုင်သွားရမယ့် ဆလိုဗန်ဟာ ချန်ပီယံလိဂ်မှာ ပွဲတိုင်းရှုံးထားပေမယ့် သူ့အနေနဲ့ လေးစားမှုအပြည့်ထားပြီး ယှဉ်ပြိုင်သွားမယ့်အကြောင်းကို “ကျွန်တော်တို့ရဲ့လမ်းကြောင်းပေါ်မှာ ရှိသမျှအရာတွေအားလုံးကို ဖယ်ရှားနိုင်ဖို့ ကြိုးစားသွားပါမယ်။ ပြိုင်ဘက်အသင်းကလည်း ဒီပွဲကို ရည်ရွယ်ချက်တစ်မျိုးနဲ့ ယှဉ်ပြိုင်လာမှာပါ။ ကျွန်တော်တို့သူတို့ကို လေးစားပါတယ်။ အိမ်ကွင်းမှာကစားရမှာဖြစ်လို့ ဒီမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။