
အင်တာမီလန်နဲ့ ကောလာဟလတွေထွက်ပေါ်နေပေမယ့် ကိုမိုမှာပဲဆက်ရှိနေမယ့် ဖာဘရီဂတ်စ်
ကိုမိုနည်းပြ ဖာဘရီဂတ်စ်ဟာ အင်တာမီလန်သို့ပြောင်းရွှေ့တော့မယ်လို့ ကောလာဟတွေထွက်ပေါ်နေပေမယ့် ယခုအခါမှာ ကလပ်ဥက္ကဌ ဆူဝါဆိုက စပိန်သားဟာ အသင်းနဲ့ပဲ ဆက်လက် လက်တွဲသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။
ဆူဝါဆိုက ဖာဘရီဂတ်စ်ဟာ အသင်းနဲ့ ကာလရှည်လုပ်ငန်းစဉ်တွေလုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း ပြောကြားလာခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ကာလမှာလည်း ကစားသမားသစ်တွေကို ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့ဆိုပါတယ်။
ဖာဘရီဂတ်စ်ဟာ ကိုမိုရဲ့ ကွင်းတွင်း၊ ကွင်းပြင် အားကိုးရတဲ့နည်းပြတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာလည်း စီးရီးအေမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဖာဘရီဂတ်စ်ဟာ သူ့ရဲ့ကိုယ်ပိုင်နည်းဗျူဟာတွေနဲ့အတူ ကိုမိုလိုအသင်းကို အချိန်အနည်းငယ်အတွင်း တိုးတက်အောင်ကူညီပေးနိုင်ခဲ့တာကြောင့် ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ထားစောင့်ကြည့်ခြင်းကို ခံလာရပါတယ်။
အီတလီမှာသာမက စပိန်သားဟာ ဂျာမနီထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုကိုလည်းရရှိထားပြီး လေဗာကူဆင်နဲ့ လိုက်ပ်ဇစ်တို့ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း လက်ခံရရှိထားခဲ့တာဖြစ်ပါတယ်။ မကြာသေးမီရက်ပိုင်းမှာတော့ အင်တာမီလန်ဟာ ဖာဘရီဂတ်စ်ကိုခေါ်ယူဖို့ အပြင်းအထန်ကြိုးစားလာတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ သတင်းတွေအရ လက်ရှိအင်တာမီလန်နည်းပြ အင်ဇာဂီကတော့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်သို့ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သိရပါတယ်။
ဖာဘရီဂတ်စ်ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ဆူဝါဆိုက "ကျွန်တော်တို့သွားမယ့်ခရီးက အရှည်ကြီးပါ။ နောက်ထပ် ရာသီတွေအများကြီးဆက်သွားဦးမှာဖြစ်ပြီး ဖာဘရီဂတ်စ်နဲ့ပဲလက်တွဲသွားမှာပါ။ သူ အသင်းကနေထွက်သွားမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဖာဘရီဂတ်စ်ကလည်း ကိုမိုမှာဆက်ရှိနေမယ့်အကြောင်းကို "ကိုမိုနဲ့လုပ်ထားတဲ့ ပရောဂျက်ကိုကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်ဒီကလပ်နဲ့လက်တွဲခဲ့တာလည်း ရေရှည်ပရောဂျက်ကြောင့်ပါပဲ။ ၁ နှစ် ၂ နှစ်စာလောက်ပဲ အစီအစဉ်ဆွဲထားတဲ့ ကလပ်မျိုးနဲ့ ကျွန်တော်လက်မတွဲချင်ပါဘူး။ ဒါကြောင့် ရေရှည်အတွက် အစီအစဉ်ဆွဲထားတဲ့ ကိုမိုနဲ့ လက်တွဲခဲ့ပါတယ်။ကျွန်တော်ဒီကို ကစားသမားတစ်ယောက်အနေနဲ့ရောက်လာခဲ့ပြီး အခုချိန်မှာတော့ ကျွန်တော့်စိတ်ကြိုက်စီမံခန့်ခွဲခွင့်ရနေလို့ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့အားလုံးမှာ တူညီတဲ့ပန်းတိုင်နဲ့ ရည်မှန်းချက်တွေရှိပါတယ်"
"ကလပ်ဥက္ကဌကလည်း ကျွန်တော့်ကို ကျွန်တော်လိုချင်တဲ့ပုံစံအတိုင်း လုပ်ခွင့်ပေးထားပါတယ်။ ကံကောင်းထောက်မစွာပဲ ကျွန်တော်တို့နှစ်ယောက်ကြားက အမြင်တွေကလည်း တူညီနေပါတယ်။ ကျွန်တော်တို့အတူတူ ပိုကောင်းတဲ့အသင်းဖြစ်လာဖို့ တည်ဆောက်သွားပါမယ်။ သေးငယ်တဲ့မြို့၊ သေးငယ်တဲ့ ကလပ်လေးကနေ ကြီးမားတဲ့မျှော်လင့်ချက်တွေနဲ့ အနာဂတ်ကိုပုံဖော်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
အင်တာမီလန်အနေနဲ့ ဖာဘရီဂတ်စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပေမယ့် စပိန်သားဟာ ကိုမိုနဲ့အတူ ၂၀၂၅-၂၆ ရာသီကုန်အထိတော့ ဆက်လက်လက်တွဲသွားဖို့ သေချာသလောက်ဖြစ်နေပါတယ်။