
လီဗာပူးရဲ့ Comeback နိုင်ပွဲဟာ ယာဂန်ကလော့ပ်လက်ထက် အကောင်းဆုံး ပွဲစဉ်ဖြစ်နိုင်တယ်လို့ ရှင်းပြလာတဲ့ ကာရေဂါ
ယမန်နေ့ညပိုင်း၊ စိန့်ဂျိမ်းပတ်ခ်မှာ နယူးကာဆယ်ကို ကစားသမားတစ်ဦးလျော့ အနေအထားမှာပဲ Comeback ဖြင့် အနိုင်ယူမှုဟာ ယာဂန်ကလော့ပ်လက်အောက် လီဗာပူးရဲ့ အကောင်းဆုံးပွဲစဉ် ဖြစ်နိုင်တယ်လို့ အန်ဖီးလ်ဂန္တဝင်ကစားသမား ကာရေဂါက ရှင်းပြလိုက်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပထမဆုံးပွဲချိန်အတွင်း လီဗာပူးက အဲဗာတန်ကစားသမားဟောင်း ဂေါ်ဒွန်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရသလို တိုက်ရိုက်အနီကတ်ပြသခံရတဲ့ အသင်းခေါင်းဆောင်ဗန်ဒိုက်ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ကျန်ပွဲချိန်တွေမှာ လီဗာပူးက ပြိုင်ဘက်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး လူစားဝင်ကစားသမားဒါဝင်နူနက်ဇ်ရဲ့ နောက်ကျသွင်းဂိုးနှစ်ဂိုးနဲ့အတူ ချိုမြိန်တဲ့နိုင်ပွဲတစ်ခုကို ဖော်ဆောင်ရင်း ထိုက်တန်တဲ့အနိုင်သုံးမှတ်နဲ့အတူ အိမ်ပြန်ခရီးစဉ်လှပစေခဲ့ပါတယ်။
လီဗာပူးနောက်ခံလူဟောင်းကာရေဂါကတော့ ဒီနိုင်ပွဲဟာ နည်းပြကလော့ပ်ရဲ့ရှစ်နှစ်တာ သက်တမ်းအတွင်း အကောင်းဆုံးပွဲစဉ်တွေအနက် တစ်ပွဲဖြစ်ခဲ့တယ်လို့ ပြတ်ပြတ်သားသားပြောဆိုလိုက်ပါတယ်။
Sky Sports ရဲ့ အစီအစဉ်အတွင်း ကာရေဂါက “ဟိုဝီလက်ထက် စိန့်ဂျိမ်းပတ်ခ်ဆိုတာ ပွဲထွက်ကစားသမား ၁၁ ဦးချင်း ယှဉ်ပြိုင်ရတယ်ဆိုရင်တောင်မှ အင်္ဂလန်နိုင်ငံအတွင်း ကစားရအခက်ခဲဆုံးကွင်းတွေအနက် တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီပွဲစဉ်က ကလော့ပ်လက်ထက် အကောင်းဆုံးပွဲစဉ်တွေအနက် တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ လီဗာပူးက ဦးဆောင်ဂိုးပေးထားရတဲ့အပြင် ကစားသမားတစ်ဦးပါ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ နယူးကာဆယ်ကလည်း ဒုတိယမြောက်သွင်းဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် ကံကောင်းဖို့ နည်းနည်းလိုအပ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန်တွေမှာတော့ လီဗာပူူးက ပြိုင်ဘက်ကို ပြန်လည်ခြိမ်းခြောက်လာခဲ့ပြီး တစုံတရာတော့ ဖြစ်လာနိုင်သေးတယ်လို့ ခံစားလာရပါတယ်။ ဒါကြောင့်ပဲ ပွဲစဉ်ပြီးဆုံးချိန်မှာ အခုလိုမြင်ကွင်းတွေတွေကို မြင်တွေ့ခဲ့ရတာပါ။ အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားတွေအကြောင်း ကျွန်တော်တို့ ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်အတွက် တုံ့ပြန်ပုံဟာ ဘယ်လောက်အထိ အရေးကြီးသလဲဆိုတာကို ကစားသမားတွေ ကိုယ်တိုင်သိထားခဲ့တာကြောင့် ရလဒ်ပိုင်းတင်မကဘဲ ဒီနိုင်ပွဲကို ရအောင်ယူတော့မယ်လို့ သူတို့တွေ ယုံကြည်ခဲ့ကြပါတယ်။ ဒီကွင်းမှာ လာကစားရတာ အမြဲတမ်းလိုလို ခက်ခဲကြမ်းတမ်းလေ့ရှိသလို နယူးကာဆယ်ကလည်း ကစားသမား ၁၁ ဦးချင်းလို အခြေအနေမျိုးမှာ အနိုင်ရရှိဖို့ ရေပန်းစားပါတယ်။ ဒါပေမယ့် အခုလိုအနေအထားမျိုးမှာပဲ အကောင်းဆုံးပုံစံရှာဖွေနိုင်ခဲ့ပြီး လီဗာပူးအတွက် မယုံကြည်နိုင်စရာရလဒ်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အခုနိုင်ပွဲကြောင့် လီဗာပူးက နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ပိုင်းနဲ့အတူ ပရီးမီးယားလိဂ်ရာသီသစ်ကို အကောင်းဆုံးပုံစံနဲ့အတူ ရှုံးပွဲမရှိဖြတ်သန်းနေပါတယ်။