The network connection is lost.

Banner Image

တိုက်စစ်မှူးတွေရဲ့ခံစစ်ပိုင်းအားဖြည့်ကူညီမှုအပေါ် ကျေနပ်အားရနေတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးတွေက လတ်တလောသီတင်းပတ်တွေမှာ ပိုမိုကျစ်လစ်တဲ့အသင်းတစ်ခုအသွင် ဖြစ်ပေါ်လာဖို့အတွက် အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားပြီး ခံစစ်ကို အကောင်းဆုံးကူညီပေးခဲ့တယ်လို့ နည်းပြအန်ဆယ်လော့တီက ဘက်တစ်နဲ့ရင်ဆိုင်ရမယ့် လာလီဂါအဝေးကွင်းပွဲစဉ်မတိုင်ခင် သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနဲ့ ရမှတ်တူ၊ ဒုတိယနေရာမှာရှိနေတဲ့ ရီးရဲလ်မက်ဒရစ်က နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲဆက် Clean Sheet ရရှိခဲ့ပါတယ်။ အန်ဆယ်လော့တီက “ကျွန်တော်တို့တွေ ဒီအချက်ကို အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ဖူးပါတယ်။ ဗင်နီးစီးယက်စ်တစ်ဦးတည်းနဲ့တင် မဟုတ်ပါဘူး၊ အားလုံးနဲ့ဆွေးနွေးခဲ့တာပါ။ ပြီးတော့ သူတို့အားလုံးလည်း သဘောတူပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်အနည်းငယ်မှာတော့ သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်၊ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှစလို့ ခံစစ်ပိုင်းတိုးတက်လာမှုက သိသာထင်ရှားပါတယ်။
ဗင်နီးစီးယက်စ်လည်း အများကြီးကူညီပေးနေပါတယ်။ တိုက်စစ်မှူးတွေ အပြင်းအထန်ကြိုးစားပေးနေလို့ အသင်းက အများကြီးပြောင်းလဲသွားခဲ့ပါတယ်။ အသင်းက ပိုပြီးကျစ်လစ်လာပါတယ်”လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်က နောက်ဆုံးနှစ်ပွဲဆက်အနိုင်ရရှိထားတဲ့ ဘက်တစ်နဲ့ ခက်ခဲကြမ်းတမ်းတဲ့ ပွဲကျပ်တစ်ခုကို ရင်ဆိုင်သွားရပါမယ်။  ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်မှာ အနီကတ်ပြစ်ဒဏ်အယူခံအောင်မြင်ခဲ့သလို ပုံစံကောင်းပါရရှိနေတဲ့ တောင်ပံကစားသမားအန်တိုနီက အိမ်ရှင်ဘက်တစ်အတွက် ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ပါလိမ့်မယ်။
အန်ဆယ်လော့တီကတော့ လာမယ့်အင်္ဂါနေ့၊ မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ဘက်တစ်နဲ့ရင်ဆိုင်ရချိန် ကစားသမားချန်လှပ်သွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အီတာလျံဝါရင့်နည်းပြကြီးက “ကျွန်တော်တို့တွေ ဒီပွဲစဉ်ဆီ အရှိန်အဟုန်ကောင်းကောင်းနဲ့ ရောက်ရှိလာပါလိမ့်မယ်။ ဒါပေမယ့် ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဘက်တစ်ပါ။ ဒါကြောင့် နှစ်သင်းလုံးအတွက် အခွင့်အလမ်းတွေ ဆတူရှိနေပါတယ်။ အသင်းက ကောင်းမွန်တဲ့တက်ကြွမှုပုံစံမှာ ရှိနေပါတယ်။ အပြောင်းအလဲတွေ၊ အလှည့်အပြောင်းတွေ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ကို စိုးရိမ်စေတဲ့အရာက အသင်းရဲ့ဒဏ်ရာပြဿနာမဟုတ်ဘဲ ပြိုင်ဘက်ရဲ့ကြံ့ခိုင်မှုပိုင်းသာ ဖြစ်ပါတယ်။ ဒါက ဘာမဆိုဖြစ်သွားနိုင်တဲ့ ပွဲစဉ်မျိုးပါ။

ကျွန်တော်ကတော့ လာမယ့်အင်္ဂါနေ့အတွက် မစဉ်းစားသေးဘဲ အဖိုးတန်သုံးမှတ်ရှိနေမယ့် ဒီပွဲစဉ်မှာ အကောင်းဆုံးလူစာရင်းကိုပဲ ရွေးချယ်သွားရပါလိမ့်မယ်။ ဒါက အလွန်ရှုပ်ထွေးမယ့်ပွဲစဉ်တစ်ခုပါ”လို့ ပြောပါတယ်။ သောကြာနေ့လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့ပြီးနောက် ဘက်တစ်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ သံသယနဲ့စောင့်ကြည့်နေရတဲ့ ကွင်းလယ်ကစားသမားဗယ်လ်ဗာဒီနဲ့ပတ်သက်လို့ အန်ဆယ်လော့တီက “ဗယ်လ်ဗာဒီမှာ ဒဏ်ရာပြဿနာမရှိသလို အနားယူဖို့စီစဉ်ထားတာမျိုးလည်း မရှိပါဘူး။ သူက သက်သောင့်သက်သာ မဖြစ်တာပါ။ သူသာ ကောင်းကောင်းမသက်သာသေးရင် ဘက်တစ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာတော့ သူ ပါဝင်ကစားပေးနိုင်လိမ့်မယ်”လို့ ပြောပါတယ်။