
ဘိုလီဗီးယားကိုရှုံးနိမ့်ပြီးနောက် ဘရာဇီးအသင်းကို ကမ္ဘာ့ဖလားအတွက် အကောင်းဆုံးပြင်ဆင်သွားမယ်လို့ အန်ဆယ်လော့တီ အခိုင်အမာပြော
တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဘိုလီဗီးယားကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ အကောင်းဆုံးပြင်ဆင်သွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယခုရှုံးပွဲဟာ အန်ဆယ်လော့တီလက်ထက် ဘရာဇီးအသင်းရဲ့ ပထမဆုံးရှုံးပွဲဖြစ်သလို၊ ပထမဆုံး သွင်းဂိုးခွင့်ပြုခဲ့ရတဲ့ပွဲလည်းဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့ကိုင်တွယ်မှုအောက်မှာ ဘရာဇီးဟာ စုစုပေါင်း ၄ ပွဲကစားထားပြီး ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ရလဒ်ကို ရရှိထားပါတယ်။
ပွဲအပြီးမှာ အန်ဆယ်လော့တီက "ဒီနေ့ပွဲက ထူးခြားပါတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် ဒီပွဲက အရမ်းရှုပ်ထွေးတဲ့ပွဲဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့မှာ လုပ်စရာများများစားစားမရှိပါဘူး။ နောက်ပွဲတွေအတွက် ပြင်ဆင်ဖို့နဲ့ ကမ္ဘာ့ဖလားအမီ အသင်းကို အဆင်သင့်ဖြစ်စေဖို့ ကြိုးစားသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်အောက်တိုဘာလထဲမှာတော့ ဘရာဇီးဟာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွေအဖြစ် အာရှမှာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ယှဉ်ပြိုင်သွားရဦးမှာဖြစ်ပါတယ်။ ဆက်လက်ပြီး အန်ဆယ်လော့တီက ဘိုလီဗီးယားဟာ အိမ်ကွင်းကောင်းတဲ့အသင်းဖြစ်ကြောင်းပြောကြားလာခဲ့ပါတယ်။
အီတလီသားနည်းပြက "ဒီပွဲက သာမန်ပွဲတွေလိုမဟုတ်ခဲ့ဘဲ ကွင်းထဲမှာ ထူးခြားတဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ဘိုလီဗီးယားကလည်း အိမ်ကွင်းမှာ အတော်လေးမာထန်တဲ့အသင်းပါ။ သူတို့အတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့် ပွဲတာဝန်ရှိသူတွေအနေနဲ့တော့ ကြပ်ကြပ်မတ်မတ်ထိန်းချုပ်ဖို့ လိုအပ်တာတွေရှိပါတယ်။ ကစားသမားတွေချည်းမဟုတ်ဘဲ နည်းပြတွေ၊ ဥက္ကဌတွေနဲ့ တာဝန်ရှိသူတွေအားလုံး ပွဲကိုထိန်းချုပ်နိုင်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခု ဘိုလီဗီးယားနဲ့ ဘရာဇီးတို့ရဲ့ပွဲစဉ်အတွင်း ကစားနေတဲ့ဘောလုံး လေလျော့နေခဲ့တာကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရသလို၊ ဘရာဇီးကွင်းလယ်လူ ဘရူနိုဂူမာရေးစ်ကလည်း ဘိုလီဗီးယားပရိသတ်အုပ်ထဲမှ ရေခွက်နဲ့ ပေါက်ခံခဲ့ရပါတယ်။အန်ဆယ်လော့တီက အသင်းအနေနဲ့ ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် ကစားသမားတွေအပေါ် ယုံကြည်ချက်ရှိပြီး ကမ္ဘာ့ဖလားမှာအောင်မြင်မှုရရှိဖို့ တစ်ပွဲချင်းစီ အကောင်းဆုံးကြိုးစားသွားမယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။