The network connection is lost.
ယနေ့(မနက်ပိုင်း)ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်ကလပ်အသင်း ငါးသင်းအထိ ပါဝင်လာခဲ့ပြီး မထင်မှတ်တဲ့ရလဒ်အချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။
ချန်ပီယံရှစ်ကလပ်အပ်ဆွစ်ချ်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်အထိ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တဲ့ ဝုဗ်တို့ရဲ့ စိတ်ပျက်ဖွယ်ရာသီသစ်စတင်မှုက ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ ပွဲအစ ၁၅ မိနစ်အတွင်း ဟွမ်ရီချန်း၊ တိုတီဂိုးမက်စ်တို့က ဝုဗ်အတွက် ဦးဆောင်ဂိုးတွေ ရယူပေးခဲ့ပေမယ့် ပထမပိုင်းမပြီးဆုံးခင်မှာပဲ အိမ်ရှင်တွေအတွက် ကွင်းလယ်လူ ဟားနက်စ်ရဲ့ ဖန်တီးပေးမှုတွေမှတဆင့် ဟတ်ချင်ဆန်၊ လာဒါပိုတို့က ချေပဂိုးတွေ အသီးသီးသွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အိမ်ရှင်အပ်ဆွစ်ချ်ရဲ့ Comeback နိုင်ပွဲဖြစ်ပေါ်လာစေဖို့ အခုပွဲစဉ်မှာ ခြေစွမ်းပြနေတဲ့ ဟားနက်စ်က ဂျက်တေလာဂိုးသွင်း ယူစေရေးအတွက် ဂိုးဖန်တီးမှုတစ်ခု ထပ်မံပြုလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ အိမ်ရှင်အပ်ဆွစ်ချ်က ဧည့်သည်ဝုဗ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ကာရာဘောင်ဖလား လက်ရှိချန်ပီယံဘွဲ့ ကာကွယ်နိုင်ရေးခရီးစဉ်က ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ သက်သောင့်သက်သာအနိုင်ရရှိမှုနဲ့အတူ အကောင်းမွန်ဆုံးစတင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲကစားချိန်အတွင်း အိမ်ရှင်ယူနိုက်တက်အတွက် ဒါလော့ရဲ့ပေးပို့မှုမှတဆင့် ဂါနာချိုက ဦးဆောင်ဂိုးသွင်းယူခဲ့သလို မေဆန်မောင့်ရဲ့ထောင့်ကန်ဘောပေးပို့မှုကိုလည်း ကတ်စ်မဲရိုးက သွင်းဂိုးအဖြစ်ပြောင်းလဲကာ ဒုတိယမြောက်ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။
ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ မေဆန်မောင့်ရဲ့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံး ဂိုးဖန်တီးပေးမှုကို ကတ်စ်မဲရိုးရဲ့သွင်းဂိုးမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲချိန်တွေမှာလည်း ယူနိုက်တက်က ပွဲကိုလွှမ်းမိုးကစားနိုင်ခဲ့ပြီး ကတ်စ်မဲရိုးရဲ့ ဖန်တီးပေးမှုကို မာရှယ်က အကောင်းဆုံး အသုံးချကာ နောက်ထပ်ဦးဆောင်ဂိုးကို ထပ်မံရှာဖွေခဲ့ပါတယ်။
ပွဲပြီးချိန်မှာတော့ ယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီး နောက်တစ်ဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။
အခြားပွဲစဉ်ရလဒ်များ
------------------------
ဘရတ်ဖို့ဒ် ဝ-၂ မစ်ဒယ်ဘရော့
အိတ်စ်တာ ၁-၀ လူတန်တောင်း
မန်းဖီးလ်တောင်း ၂-၂ ပီတာဘရော့ (ပယ်နယ်တီ ၃-၁)
ပို့စ်ဗေးလ် ၂-၁ ဆက်တန်
ဆဲလ်ဖို့ဒ် ဝ-၃ ဘန်လေ