The network connection is lost.
ယမန်နေ့ညပိုင်း၊ မန်ချက်စတာဒါဘီ ၃-၁ ဂိုး ရှုံးနိမ့်မှုအပြီး ယူနိုက်တက်ကပ္ပတိန်ဘရူနိုဖာနန်ဒက်စ်က အသင်းဖော်တွေကို အနာဂတ်ဆီမျှော်ကြည့်ဖို့သာ တိုက်တွန်းခဲ့ပြီး ရာသီကုန် TOP 4 ဝင်နိုင်ရေးကတော့ အလွန်ခက်ခဲသွားပြီလို့ ဝန်ခံလိုက်ပါတယ်။
၁၉၂ ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲစဉ်မှာ ပွဲအစ ၈ မိနစ်မှာပဲ မားကပ်စ်ရက်ဖို့ရှ်ရဲ့ သွင်းဂိုးနဲ့ ယူနိုက်တက်က ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်း ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက ဖိုဒန်ရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ ပွဲဆီပြန်လာနိုင်ခဲ့ကာ ဟာလန်းက နာကျင်အချိန်ပိုမှာ အနိုင်သေချာစေမယ့်သွင်းဂိုးကို ရယူပေးပြီး အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ တစ်မှတ်အကွာအနေအထားဆီ ပြန်လည်ချဉ်းကပ်လာခဲ့သလို တဖက်မှာလည်း ယူနိုက်တက်အတွက် အခုရာသီ၊ ၁၁ ပွဲမြောက် လိဂ်ရှုံးပွဲကို ဖြစ်တည်စေခဲ့ပါတယ်။
လက်ရှိမှာတော့ အဲရစ်တန်ဟက်ရဲ့သရဲနီတွေက အဆင့်လေးနေရာရှိ အက်စတွန်ဗီလာနဲ့ ၁၁ မှတ်အထိ ကွာဟနေပြီး လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိဖို့ ပြင်းထန်တဲ့စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။
မန်ချက်စတာဒါဘီရှုံးပွဲအပြီး ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ယူနိုက်တက်ကပ္ပတိန်က “ကျွန်တော်တို့တွေ အနာဂတ်ကို မျှော်ကြည့်နေဖို့ပဲ လိုအပ်ပါတယ်။ ကျွန်တော်တို့လိုချင်နေတဲ့ အနေအထားဆီ အရောက်သွားနိုင်ဖို့က ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေတာမျိုး မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ဒါကို မဖုံးကွယ်ထားပါဘူး။ ကျွန်တော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားချင်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေမယ့် အဆင့်-၄ နေရာဆီ အရောက်သွားနိုင်ဖို့ ရာသီကုန်မတိုင်ခင်အထိ ကျွန်တော်တို့ ကြိုးစားကြည့်ချင်ပါတယ်။ ဒါက ခက်ခဲမယ်ဆိုတာ သိပေမယ့် ကိုယ့်လက်ထဲမှာရှိတဲ့ အရာရာတိုင်းကို လုပ်သွားဖို့ပဲ ရှိပါတယ်။ ဒါတွေကို လာမယ့်အိမ်ကွင်းပွဲစဉ်မှာ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ အသင်းပရိသတ်တွေကလည်း ကျွန်တော်တို့ကို အထပ်ထပ်ဝန်းရံပေးမယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ သူတို့တွေ ကျွန်တော်တို့နောက်မှာ ရပ်တည်ပြီး တွန်းအားပေးနေခဲ့ပါတယ်။ နောက်ပွဲစဉ်ဆီအရောက်သွားပြီး အနိုင်ရလဒ်ရရှိအောင် ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့အဆိုအရ အခုဒါဘီပွဲစဉ်မှာ မန်စီးတီးကစားသမားတွေရဲ့ တစ်ဦးချင်းအရည်အသွေးတွေက ရလဒ်ပိုင်းကို သက်ရောက်စေခဲ့တယ်လို့ သိရပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားက “ပထမပိုင်းအပြီး အသင်းရဲ့ခံစစ်ဇုန်ကို ကာကွယ်နိုင်ဖို့ အသင်းဘက်က အရာရာတိုင်းလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ခံစားမိတဲ့အကြောင်း ကျွန်တော် ပြောဖြစ်ခဲ့ပါတယ်။ အသင်းရဲ့ခံစစ်ပိုင်းအတွက် စုစုစည်းစည်း၊ ညီညီညွှတ်ညွှတ် ကျစ်လစ်စွာ တစ်ဦးနဲ့တစ်ဦး ကူညီပေးသွားဖို့ လိုအပ်ခဲ့တဲ့ အခိုက်အတန့်တွေကို ကျွန်တော်တို့ သိကြပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ အဲ့ဒီအတိုင်းကစားခဲ့ပေမယ့် မန်စီးတီးကစားသမားတွေရဲ့ တစ်ဦးချင်းအရည်အသွေးကပဲ ပွဲစဉ်အပေါ် ခြားနားသွားစေခဲ့ပါတယ်။ ဒါကပဲ သူတို့ကို နိုင်ပွဲရယူပေးခဲ့တာပါ”လို့ ဆက်ပြောခဲ့ပါတယ်။