
ဘရန့်ဖို့ဒ်အနေနဲ့ အသင်းရဲ့တိုက်စစ်မှူး အိုင်ဗန်တိုနေးကို သင့်တော်တဲ့ဈေးနှုန်းရမှသာ ရောင်းချနိုင်ကြောင်း ပြောကြားလိုက်တဲ့ နည်းပြသောမတ်စ်ဖရန့်
ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်က အသင်းအနေနဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေးကို မကြာမီကာလအတွင်း သင့်တော်တဲ့ဈေးနှုန်းနဲ့ရောင်းချနိုင်ကြောင်းနဲ့ ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ တိုက်စစ်မှူးတွေထဲမှ တစ်ဦးဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့တာဖြစ်ပါတယ်။ လောင်းကစားစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မိခဲ့လို့ အက်ဖ်အေရဲ့ ၈ လကြာပွဲကစားခွင့်ပိတ်ပင်ခံထားခဲ့ရတဲ့ တိုနေးဟာ လက်ရှိမှာတော့ ကန့်သတ်မှုများ အနည်းငယ်လျှော့ချခံခဲ့ရတာကြောင့် ယခုအပတ်မှာ ဘရန့်ဖို့ဒ်အသင်းဖော်များနဲ့အတူ လေ့ကျင့်ခန်းများ ပြန်လည်စတင်ပြီဖြစ်ပါတယ်။
တိုက်စစ်မှူးဟာ ကာလရှည်ကြာ ပွဲကစားခွင့်ပိတ်ပင်ခံထားရသော်လည်း မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့က လာမယ့်ဇန်နဝါရီလမှာ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေ ကြိုတင်လုပ်ဆောင်နေကြပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဂိုး ၂၀ သွင်းယူပြီး ဂိုးဖန်တီးမှု ၄ ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့တဲ့ တိုနေးကို ကလပ်အသင်းကြီးအများစုက ဘာကြောင့်စိတ်ဝင်စားနေလဲဆိုတာ နားလည်ကြောင်း ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
Sky Sports ရဲ့ Monday Night Football အစီအစဉ်မှာ ဖရန့်ခ်က "အချိန်အထိတော့ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ကစားသမားတစ်ယောက်ပဲ ရောင်းချရသေးပါတယ်။ ဒေးဗစ်ရာယာပါ။ ဒါပေမယ့် သူကလက်ရှိမှာ အငှားနဲ့ထွက်ခွာသွားတာဆိုပေမယ့် အနာဂတ်မှာ အပြီးသတ်ရောင်းချဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အသင်း ၅ သင်း ၆ သင်းလောက်ကလွဲပြီး ကမ္ဘာပေါ်က ကလပ်အသင်းတိုင်းက ကစားသမားတွေရောင်းချကြပါတယ်။ သင့်တော်တဲ့ဈေးနှုန်းရရှိရင် ကျွန်တော်တို့အသင်းကလည်း ကစားသမားတွေကိုရောင်းချပါတယ်။ ကျွန်တော်က ကစားသမားအနေနဲ့ အသင်းကနေထွက်ခွာသင့်ပြီလို့မြင်ရင် ချက်ချင်းဆုံးဖြတ်ချက်ချပြီး ထွက်ခွာခိုင်းလို့မရပါဘူး။ အသင်းရဲ့တာဝန်ရှိသူတွေနဲ့ တိုင်ပင်ရပြီး သင့်တော်မှန်ကန်တဲ့ဈေးနှုန်းရရှိမှသာ ထွက်ခွာခွင့်ပြုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အဆိုပါသတ်မှတ်ချက်တွေဟာ အသင်းရဲ့အကောင်းဆုံးကစားသမားလို့ ယူဆရတဲ့အိုင်ဗန် တိုနေးနဲ့လည်း သက်ဆိုင်မှုရှိ မရှိမေးမြန်းခဲ့ရာ ဖရန့်က "သက်ဆိုင်ပါတယ်။ ဒါကြောင့်ပဲ သူနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ဆက်တိုက်ထွက်ပေါ်နေတာပါ။ ကျွန်တော့်အတွက်ကတော့ သူက ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ သူ့ထက်ပိုကောင်းတဲ့တိုက်စစ်မှူးမျိုး သိပ်မမြင်ဖူးပါဘူး။ ဟယ်ရီကိန်း၊ လီဝန်ဒေါစကီးနဲ့ ဟာလန်းတို့ကလည်း ဒီလိုအမျိုးအစားတွေပါပဲ။ ဒါပေမယ့် အများကြီးမရှိပါဘူး။ ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်ရာသီမှာ သူက ဂိုး ၂၀ အထိသွင်းယူနိုင်ခဲ့ပါတယ်။ ထိပ်ဆုံး ၆ သင်း၊ ၇ သင်း လောက်အခွင့်အရေးဖန်တီးမှုမရှိတဲ့ ဘရန့်ဖို့ဒ်လိုအသင်းမျိုးမှာ ဒီလောက်အထိဂိုးသွင်းနိုင်တယ်ဆိုတာ သူအရမ်းကောင်းလို့ပါ။ သူ့အနေနဲ့ ထိပ်သီးအသင်းတစ်သင်းမှာရှိနေမယ်ဆိုရင် တစ်ရာသီကို အနည်းဆုံး ၂၀-၂၅ ဂိုးလောက်ကတော့ လွယ်လွယ်ကူကူပဲသွင်းနိုင်လောက်ပါတယ်။ သူက အသင်းနဲ့လည်း လိုက်လျောညီထွေရှိတယ်၊ ကောင်းမွန်တဲ့အဆုံးသတ်သမားလည်းဖြစ်ပြီး ထိပ်တန်းစိတ်ဓာတ်ကိုလည်းပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် အသင်းကြီးတွေကသူ့ကိုစိတ်ဝင်စားနေတာကို ကျွန်တော်နားလည်ပါတယ်"လို့ပြောကြားခဲ့ပါတယ်။
တိုနေးဟာ အက်ဖ်အေရဲ့ လောင်းကစားစည်းမျဉ်း ၂၃၂ ကိုချိုးဖောက်ခဲ့ကြောင်း လက်ခံခဲ့ပြီးနောက် ကာလရှည်ကြာပိတ်ပင်မှုနဲ့ ဒဏ်ငွေပေါင် ၅ သောင်းအထိ ပေးချေခဲ့ရတာဖြစ်ပါတယ်။ ပြစ်ဒဏ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် တိုနေးဟာ ပထမနှစ်ဝက်အတွင်း အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းခွင့်မရရှိခဲ့တာကြောင့် တစ်ဦးတည်းလေ့ကျင့်မှုတွေပြုလုပ်နေခဲ့ရတာဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်မှ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ တိုနေးဟာ ဩဂုတ်လမှာ အာကစားစီမံခန့်ခွဲမှု ကုမ္ပဏီ CAA Stellar နဲ့ပူးပေါင်းရန် သဘောတူညီမှုရရှိခဲ့ပါတယ်။ တိုနေးက "CAA Stellar နဲ့ချိန်သားကိုက် ပူးပေါင်းနိုင်ခဲ့တာဖြစ်ပါတယ်။ သန့်စင်တဲ့ စတင်မှုတစ်ခုလို ခံစားရပါတယ်။ ဘဝအသစ်အတွက် လမ်းကြောင်းကို ဘယ်တော့မှလျှော့မတွက်ပါနဲ့" လို့ပြောကြားခဲ့ပါတယ်။
ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပို့ဆောင်နိုင်ခဲ့လို့ နာမည်ရလာခဲ့တဲ့ CCA Stellar အမှုဆောင်ဥက္ကဌ ဂျိုနသန် ဘားနက်က "အိုင်ဗန်တိုနေးနဲ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့လို့ အရမ်းစိတ်လှုပ်ရှားပါတယ်။ ။ သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းရှိပြီး ဒါက သူ့အတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခုရဲ့ အစဆိုတာ သေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။