နည်းပြချုပ် နူရီဆာဟင်ကို ရာထူးမှထုတ်ပယ်လိုက်တဲ့ ဒေါ့မွန်
ဗုဒ္ဓဟူးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုလော့ဂ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ဒေါ့မွန်ဟာ အသင်းရဲ့နည်းပြချုပ် နူရီဆာဟင်ကို ရာထူးကနေ တရားဝင်ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြေညာလာခဲ့ပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရတဲ့အထိ ရလဒ်ပိုင်းဆိုးဝါးနေတဲ့ ဒေါ့မွန်ဟာ ၂၀၂၅ ခုနှစ်အတွင်း ၄ ပွဲကစားထားရာမှာလည်း ၄ ပွဲစလုံးကို ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ဂျာမန်ကလပ်အနေနဲ့ နည်းပြဆာဟင်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဆာဟင်ကိုထုတ်ပယ်ခြင်းနဲ့ပတ်သက်ပြီး ဒေါ့မွန်ရဲ့ မန်နေဂျင်းဒါရိုက်တာ လားစ်ရစ်ကန်က “ကျွန်တော်တို့အနေနဲ့ နူရီရဲ့ အလုပ်တွေအပေါ်မှာ အသိအမှတ်ပြုပါတယ်။ သူ့နဲ့အတူ ရလဒ်ကောင်းတွေပြန်ရတဲ့အထိ လက်တွဲချင်ခဲ့ပေမယ့် အခုတော့ လမ်းခွဲဖို့ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့အသင်းဟာ ဂိုးသွင်းနိုင်ဖို့နဲ့ ရလဒ်ကောင်းတွေရရှိဖို့ ယုံကြည်ချက်တွေပျောက်ဆုံးနေခဲ့ပါတယ်။ နူရီကိုထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်က ကျွန်တော့်အတွက်လည်း နာကျင်ရပါတယ်။ ဒါပေမယ့် ဘိုလော့ဂ်နာနဲ့ပွဲစဉ်အပြီးမှာတော့ ဒီဆုံးဖြတ်ချက်ကို ရှောင်လွှဲလို့မရခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ပို့ဆောင်နိုင်ခဲ့တဲ့ အီဒင်တာဇစ်ရဲ့နေရာမှာ ဆာဟင် အစားထိုးဝင်ရောက်လာခဲ့ပြီး ဇွန်လကတည်းက အသင်းကို စတင်တာဝန်ယူခဲ့ပေမယ့် ယခုအခါမှာတော့ ရာသီမကုန်ခင်မှာပဲ ရာထူးကနေထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဝါဒါဘရီမင်တို့မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးတဲ့ ဆာဟင်ရဲ့လက်ထက်မှာ ဒေါ့မွန်ဟာ ၁၂ ပွဲနိုင် ၄ ပွဲသရေကျပြီး ၁၁ ပွဲအထိရှုံးနိမ့်ခဲ့ပါတယ်။
ယခု ၂၀၂၅ ခုနှစ်အတွင်း ဘွန်ဒက်စ်လီဂါပွဲစဉ် ၃ ပွဲမှာ ၃ ပွဲစလုံးရှုံးနိမ့်ထားတဲ့ ဒေါ့မွန်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာသာရပ်တည်နေတာကြောင့် နည်းပြဟောင်း ယာဂင်ကလော့ပ်နောက်ပိုင်း အဆိုးဝါးဆုံးရပ်တည်မှုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ့မွန်ဟာ ဘိုလော့ဂ်ကိုလည်း ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စုဇယားရဲ့ အဆင့် ၁၃ နေရာအထိကျဆင်းသွားခဲ့ကာ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ ရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။
ဒေါ့မွန်မှထုတ်ပယ်ခံရခြင်းနဲ့ပတ်သက်ပြီး ဆာဟင်က “ကံမကောင်းစွာပဲ ဒီရာသီမှာ ကျွန်တော်တို့အနေနဲ့ ဒေါ့မွန်ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကျရှုံးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအသင်းအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ဒေါ့မွန်အနေနဲ့ အသင်းရဲ့နည်းပြသစ်ကို မကြာမီမှာပဲ ကြေညာသွားဖွယ်ရှိပြီး လာမယ့်စနေနေ့မှာတော့ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဝါဒါဘရီမင်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရပါမယ်။