The network connection is lost.

Banner Image

အာဆင်နယ်ပစ်မှတ် ကာလာဖီအိုရီကို ရောင်းချဖို့ ပြင်ဆင်နေတဲ့ ဘိုလော့ဂ်နာ

ဘိုလော့ဂ်နာဟာ အသင်းရဲ့အဓိက ခံစစ်ကစားသမား ရီကာဒိုကာလာဖီအိုရီကို ရောင်းချဖို့ ပြင်ဆင်နေပြီး ကစားသမားကိုပစ်မှတ်ထားနေတဲ့ အာဆင်နယ်နဲ့ ကမ်းလှမ်းမှုတွေကိုလည်း ထည့်သွင်းစဉ်းစားသွားမယ်လို့ သိရပါတယ်။

အသက်-၂၂ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာကို အီတလီစီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ  ရပ်တည်စေခဲ့ပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကူညီပေးနိုင်ခဲ့ပါတယ်။

အီတတီလက်ရွေးစင် အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့စနေနေ့က ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်မှာတော့ ဆွစ်ဇာလန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့လို့ နိုင်ငံအသင်းနဲ့အတူ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ဗဟိုခံစစ်မှူးကို ဂျုဗင်တပ်စ်၊ အာဆင်နယ်နဲ့ လီဗာပူးအပြင် ဥရောပကလပ်အသင်းအများအပြားက ချိတ်ဆက်မှုတွေပြုလုပ်နေကြသော်လည်း လက်ရှိအချိန်မှာတော့ ဘိုလော့ဂ်နာက အာဆင်နယ်ရဲ့ကမ်းလှမ်းချက်ကို စိတ်အဝင်စားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

ဂျုဗင်တပ်စ်ကလည်း ကာလာဖီအိုရီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်ထားပြီး ဘိုလော့ဂ်နာဘက်က ကစားသမားအတွက် ယူရိုသန်း ၄၀ တောင်းဆိုထားတယ်လို့ အီတလီသတင်းတွေက ဖော်ပြထားပါတယ်။ ဂျူဗင်တပ်စ်အနေနဲ့ အီတလီသားကို မခေါ်ယူနိုင်ဘူးဆိုရင် အာဆင်နယ်နောက်ခံလူ ကီဝီအောကို ခေါ်ယူဖို့ ဒုတိယဦးစားပေးပစ်မှတ်အနေနဲ့ သတ်မှတ်ထားတယ်လို့ဆိုပါတယ်။

ဘိုလော့ဂ်နာဟာ ကာလာဖီအိုရီကို ပြီးခဲ့တဲ့နွေရာသီမှာ ဆွစ်ဇာလန်ကလပ် ဘေဆယ်ကနေ ယူရို ၄ သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ဆာတိုရီက ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ဆန္ဒရှိသော်လည်း လိုချင်တဲ့ကမ်းလှမ်းမှုမျိုးကိုလက်ခံရရှိပါက ရောင်းချသွားမယ်လို့ဆိုပါတယ်။

ဆာတိုရီက “ကျွန်တော်တို့ သူ့ကိုလွန်ခဲ့တဲ့ ၁၂ လလောက်က ခေါ်ယူခဲ့ပြီး အခုချိန်မှာတော့ ဈေးကွက်အတွင်း ဘယ်လိုအခြေအနေတွေရှိနေလဲ စောင့်ကြည့်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကိုအသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့လည်း စဉ်းစားထားပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ကမ်းလှမ်းမှုတွေရှိလာခဲ့ရင်တော့ ရောင်းချဖို့ ထည့်သွင်းစဉ်းစားသွားမှာပါ။ သူ့အနေနဲ့ ဂျူဗင်တပ်စ်ကိုတော့ သွားမှာမဟုတ်ပါဘူး။ အခြားဈေးကွက်တစ်ခုခုထဲကိုရောက်သွားနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဘိုလော့ဂ်နာဟာ ကာလာဖီအိုရီအပြင် မန်ချက်စတာယူနိုက်တက်နဲ့ အေစီမီလန်တို့က  စိတ်ဝင်စားနေတဲ့ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဂျိုရှူးဝါးဇာကီကိုလည်း လက်လွှတ်ရမယ့်အလားအလာနဲ့ရင်ဆိုင်နေရပါတယ်။