
ရာသီကုန်အထိ အနားယူသွားရမယ့် ဒရာဂူဆင်ကြောင့် ရုန်းကန်သွားရဦးမယ့် တော့တင်ဟမ်
တော့တင်ဟမ် ဗဟိုခံစစ်မှူး ရာဒူဒရာဂူဆင်ဟာ ပြင်းထန်တဲ့ ဒူးခေါင်းဒဏ်ရာရရှိပြီး ရာသီကုန်အထိ အနားယူသွားရမှာဖြစ်လို့ အန်ဂျီပိုစတီကိုဂလူရဲ့အသင်းအတွက် ပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ ရိုမေးနီးယားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့အပတ်က ယူရိုပါလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်အတွက် ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက်ကစားရင်း ဒဏ်ရာရရှိခဲ့တာကြောင့် မိနစ် ၂၀ သာကစားခွင့်ရခဲ့ပြီး ပြန်လည်လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ ပိုစတီကိုဂလူက ဒရာဂူဆင်ရဲ့ ဒူးခေါင်းဒဏ်ရာဟာ အလွန်ပြင်းထန်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။
ဩစတြေးလျသားနည်းပြက “ကံမကောင်းစွာနဲ့ပဲ ဒရာဂူဆင်ရဲ့ ဒူးခေါင်းဒဏ်ရာက ပြင်းထန်ပါတယ်။ ဒဏ်ရာနဲ့ပတ်သက်ပြီး တိတိကျကျမသိရသေးပေမယ့် အခြေအနေကတော့ ကောင်းနေတဲ့ပုံမပေါ်ပါဘူး။ စောင့်ကြည့်သွားရဦးမှာဖြစ်ပြီး စိတ်ပျက်စရာကောင်းဦးမယ်ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ယခုအခါမှာတော့ The Athletic သတင်းဌာနက ကစားသမားဟာ ဒူးအရွတ်စုတ်ပြဲသွားတာဖြစ်ပြီး ရာသီကုန်အထိအနားယူရဖွယ်ရှိတယ်လို့ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ဒရာဂူဆင်ဟာ ခွဲစိတ်ကုသမှုခံယူသွားရမှာဖြစ်လို့ ၆ လအလောက်အထိ တော့တင်ဟမ်ရဲ့ပွဲစဉ်တွေကို လွဲချော်သွားမယ်လို့သိရပါတယ်။
တော့တင်ဟမ်ဟာ ယူရိုပါလိဂ်၊ အက်ဖ်အေနဲ့ ကာရာဘောင်ဖလား ပြိုင်ပွဲတွေမှာ ကျန်ရှိနေသေးသလို၊ ပရီးမီးယားလိဂ်မှာလည်း ရမှတ်လိုအပ်ချက်တွေရှိနေတာကြောင့် အခုလို ဒရာဂူဆင်ရဲ့ဒဏ်ရာက အသင်းအတွက် ပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိပါတယ်။ လက်ရှိတော့တင်ဟမ်ရဲ့ ဒဏ်ရာရကစားသမားစာရင်းမှာ ဒိုမီနစ်ဆိုလန်ကီ၊ ခရစ်ရှန်ရိုမဲရိုး၊ ဝယ်လ်ဆန်အိုဒီဘတ်၊ ဂျိမ်းစ်မက်ဒီဆင်၊ ဒက်စတင်နီယူဒိုဂီ၊ ဗီကာရီယို၊ တီမိုဝါနာနဲ့ ဘရန်နန်ဂျွန်ဆန်တို့ရှိနေပြီး ဒရာဂူဆင်ကလည်း အဆိုပါစာရင်းထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။လောလောဆယ်မှာတော့ ဒရာဂူဆင်ရဲ့ဒဏ်ရာက အပြင်းထန်ဆုံးဖြစ်နေပြီး တော့တင်ဟမ်အနေနဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ ကစားသမားအင်အားဖြည့်တင်းမှုတွေလည်း ပြုလုပ်ထားခဲ့ရပါတယ်။
ပိုစတီကိုဂလူရဲ့အသင်းဟာ လန်းစ်နောက်ခံလူ ကီဗင်ဒန်ဆိုကို ဒရာဂူဆင်ရဲ့နေရာမှာ စားထိုးဖို့ခေါ်ယူထားခဲ့ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလေး မာသီစ်တဲလ်ကိုလည်း အငှားစာချုပ်နဲ့ ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်ဟာ ချဲလ်ဆီးနောက်ခံလူ ဒီဆာဆီကိုခေါ်ယူဖို့ အငှားစာချုပ်နဲ့ ကမ်းလှမ်းခဲ့သေးပေမယ့် ကစားသမားဘက်က ပယ်ချထားခဲ့တယ်လို့သိရပါတယ်။