စီရော်နယ်ဒို ငိုကြွေးမှုနဲ့စပ်လျဉ်းလို့ ရှင်းပြလာတဲ့ ဘာနာဒိုဆေးလ်ဗား
ပေါ်တူဂီအသင်းရရှိတဲ့ ပယ်နယ်တီတစ်ကြိမ်ကို အဆုံးမသတ်နိုင်ဘဲ လွဲချော်ခဲ့ပြီးနောက် စီရော်နယ်ဒိုရဲ့ ကြေကွဲရမှုဟာ ဘောလုံးသမားဘ၀ မြင့်မားတဲ့ဂုဏ်ပုဒ်တွေ ရှိပေမယ့် လူသားတွေသာဖြစ်တယ်ဆိုတဲ့ အတွေးကို ပေါ်ပေါက်စေခဲ့တယ်လို့ အသင်းဖော်ဘာနာဒိုဆေးလ်ဗားက ပြောဆိုလိုက်ပါတယ်။
ယူရို-၂၀၂၄ နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဆလိုဗေးနီးယားနဲ့ရင်ဆိုင်ရချိန် ရရှိလာတဲ့ ပယ်နယ်တီအခွင့်အရေးကို လွဲချော်ပြီးနောက် စီရော်နယ်ဒိုရဲ့မျက်ရည်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါက အခုနှစ်ယူရိုပြိုင်ပွဲရဲ့ထင်ရှားတဲ့ပုံရိပ်တစ်ခုဖြစ်လာခဲ့ပြီး ကိုယ့်ကိုကိုယ်အရေးပါတယ်လို့ယူဆနေတဲ့ ဘောလုံးသုံးသပ်သူအချို့နဲ့ ပရိသတ်အချို့ဆီမှ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း ဘာနာဒိုဆေးလ်ဗားက “ကျွန်တော်တို့က လူသားတွေပါ။ သူ ပယ်နယ်တီ လွဲချော်သွားချိန် သူ့ရဲ့စိတ်ခံစားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါ လက်သင့်ခံနိုင်စရာပါ၊ မဟုတ်ဘူးလား? တခါတလေ မမျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့ တုံ့ပြန်မိကြတာပါပဲ။ သူကိုယ်တိုင်လည်း အဲ့ဒီအခိုက်အတန့်မှာ ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်လို့ ခံစားမိခဲ့ပါတယ်။ စီရော်နယ်ဒို ခေတ္တခဏလောက် ငိုကြွေးလိုက်ပါတယ်။ ဒါကလည်း တခါတရံစိတ်လှုပ်ရှားစရာတွေနဲ့ ကြုံတွေ့ရချိန် လူတွေ တုံ့ပြန်လေ့ရှိတဲ့ နည်းလမ်းမျိုးပါ။ ဒါကြောင့် အခုကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် အကြောင်းအရင်းတစုံတရာ ကျွန်တော် မမြင်တွေ့မိခဲ့ဘူး။ ဒါပေမယ့် အချို့လူတွေကတော့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းဖြစ်နေလို့ ဝေဖန်သုံးသပ်ဖို့ ဆန္ဒရှိနေကြပါလိမ့်မယ်”လို့ ပြောပါတယ်။
ပွဲကစားချိန်အတွင်း ပယ်နယ်တီလွဲချော်ခဲ့ပေမယ့် ဆလိုဗေးနီးယားကို ပေါ်တူဂီအသင်းအနိုင်ရရှိတဲ့ ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းချိန်မှာတော့ စီရော်နယ်ဒိုက ဗွေဆော်ဦးပယ်နယ်တီကို ဂိုးဝင်အောင် ကန်နိုင်ခဲ့သလို ဘာနာဒိုဆေးလ်ဗားလည်း ပယ်နယ်တီကန်သွင်းယူနိုင်ခဲ့ပါတယ်။ဆက်လက်ပြီး ကွင်းလယ်လူက လက်ရှိပေါ်တူဂီအသင်းရဲ့အခွင့်အရေးဖန်တီးနိုင်စွမ်းအားနည်းမှုဆိုတဲ့ စွပ်စွဲချက်အပါအဝင် အသင်းအပေါ်ဝေဖန်မှုတွေဟာ သာမန်သာဖြစ်ပြီး ပြင်သစ်အသင်းနဲ့ရင်ဆိုင်ရမယ့် သောကြာနေ့၊ ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်နေမှုကို မထိခိုက်စေဘူးလို့ ဆိုလိုက်ပါတယ်။
ဘာနာဒိုဆေးလ်ဗားက “ကျွန်တော်တို့ကိုယ်တိုင်လည်း ဝေဖန်မှုတွေအပေါ် နားလည်ပေးထားပါတယ်။ ဒါက ဘောလုံးလောကရဲ့အစိတ်အပိုင်းတစ်ရပ်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေ ပိုက်ဆံတွေ အများကြီးရရှိပြီး မိသားစုနဲ့မိတ်ဆွေတွေကို လူနေမှုအဆင့်အတန်းနဲ့ လိုက်လျောညီထွေမှုရှိအောင် ထားနိုင်တာပါ။ ဝေဖန်မှုတွေအပေါ် ကျွန်တော်တို့ မကျေမနပ်ညည်းညူနေစရာ မလိုပါဘူး။ ကောင်းကောင်းဆိုးဆိုး ဒါတွေက ကျွန်တော်တို့ရဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဇွန်လရောက်လာလို့ ကမ္ဘာ့ဖလားပြိုင်ပွဲပဲဖြစ်ဖြစ်၊ ယူရိုပြိုင်ပွဲပဲဖြစ်ဖြစ် ရှိလာချိန် လူတိုင်းက ကိုယ့်ကိုကိုယ် နည်းပြတစ်ဦးလို့ ထင်မြင်လာကြပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီအခြေအနေအပေါ် နားလည်လက်ခံထားပါတယ်”လို့ ဆိုပါတယ်။