
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပခုံးခွဲစိတ်ကုသမှုခံယူမယ်လို့ အတည်ပြုလိုက်တဲ့ ဘယ်လင်ဟမ်
ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က အမေရိကန်နိုင်ငံ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကာလရှည်ခံစားနေရတဲ့ ပခုံးဒဏ်ရာပြဿနာကို ခွဲစိတ်ကုသသွားမယ်လို့ တနင်္ဂနွေနေ့မှာ အတည်ပြုသွားပါတယ်။
အသက်-၂၃ နှစ်အရွယ်ကစားသမားအနေဖြင့် ၂၀၂၃ ခုနှစ်၊ အဆိုပါဒဏ်ရာကိုရရှိပြီးချိန်ကတည်းက နိုင်ငံလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းအတွက် အဆင်မပြေမှုများစွာကို အံကြိတ်ဖြတ်သန်းရင်း ကစားပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကလည်း သူ့ရဲ့ဒဏ်ရာကို အခုပြိုင်ပွဲပြီးဆုံးချိန်မှာ ခွဲစိတ်ကုသပေးဖို့ စီစဉ်ပေးထားပါတယ်။
ဒေါ့မွန်ကစားသမားဟောင်းဘယ်လင်ဟမ်က ပွဲကစားချိန်တွေမှာ ပခုံးထိမ်းသိုင်းကြိုးဝတ်ဆင်လေ့ရှိတာကို မကြာခဏဆိုသလို မြင်တွေ့ထားခဲ့ရပါတယ်။သူက ဗယ်လီကာနိုနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အဆိုပါဒဏ်ရာကို ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်း၊ အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့အတွက် ပွဲစဉ်နှစ်ခုကို လွဲချော်ခဲ့ဖူးပါတယ်။
မက္ကဆီကိုအခြေစိုက် ပါချူကာကို ၃-၁ ဂိုးဖြင့်အနိုင်ယူခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အပြီး ဘယ်လင်ဟမ်က ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့ပုံအကြောင်း ရှင်းပြခဲ့ပါတယ်။ သူက “ ဒဏ်ရာအခြေအနေ အရမ်းကြီးဆိုးရွားနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပခုံးထိမ်းသိုင်းကြိုးနဲ့ကစားရချိန်မှာလည်း နာကျင်မှုကို ခံစားနေရတုန်းပါပဲ။
ချွေးထွက်များနေလို့ ကျွန်တော့်ရဲ့ကိုယ်အလေးချိန်ကျဆင်းနေပြီး ပြိုင်ပွဲအပြီးမှသာ ခွဲစိတ်ကုသမှု ခံယူတော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်အကြာကြီးစောင့်ခဲ့ပြီးပြီဖြစ်လို့ စိတ်ရှည်သည်းခံမှုလည်း ကုန်ဆုံးနေပါပြီ။ ဒါပေမဲ့ ကာယနည်းပြတွေနဲ့ ဆရာဝန်တွေရဲ့ ဂရုစိုက်ကုသပေးပုံကိုတော့ အသိအမှတ်ပြုရပါမယ်။ ကျွန်တော်က ဘောလုံးကို လွတ်လွတ်လပ်လပ်ကစားချင်ရုံပါပဲ”လို့ ပြောပါတယ်။
အခုလိုအဆင်မပြေမှုတွေရှိပေမယ့် ဘယ်လင်ဟမ်က ၂၀၂၃ ခုနှစ်နွေရာသီ၊ ဒေါ့မွန်မှရောက်ရှိလာပြီးချိန်ကတည်းက ပွဲဦးထွက်ဘောလုံးရာသီမှာတင် စပိန်ဘီလူးကြီးတွေကို လာလီဂါနဲ့ ချန်ပီယံလိဂ်သရဖူဆောင်းနိုင်အောင် ကူညီပေးရင်း ရီးရဲလ်မက်ဒရစ်အတွက် အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဘယ်လင်ဟမ်ပြန်လာနိုင်မယ့် အချိန်ဇယားကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။