The network connection is lost.

Banner Image

အတ္တလန္တာစတားကို နောက်ကျကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် တုံ့ပြန်မှုမရခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ အတ္တလန္တာစတား လွတ်ခ်မန်းကို နောက်ကျကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် စီးရီးအေကကလပ်ဘက်က လျစ်လျူရှုခဲ့တယ်လို့ သိရပါတယ်။ နွေရာသီတစ်လျှောက် ပစ်မှတ်တော်တော်များများချိတ်ဆက်ခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ လွတ်ခ်မန်းကို အနီးကပ်စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

ရိုမာနိုရဲ့အဆိုအရ ဂျာမန်ချန်ပီယံတို့ဟာ လွတ်ခ်မန်းကို ကနဦးအငှား + ပေါင် ၂၄ သန်းအပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အတ္တလန္တာဘက်က ပေါင် ၄၂ သန်းအထိ တင်းခံထားခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်သားဟာ ဘိုင်ယန်ထံပြောင်းချင်ခဲ့ပေမယ့် အတ္တလန္တာတောင်းဆိုတဲ့တန်ကြေးကြောင့် နောက်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

လွတ်ခ်မန်းကတော့ အသင်းဘက်က လုပ်ဆောင်ချက်ကို စိတ်ပျက်နေပြီး ထွက်ခွာခွင့်ကိုအစောကတည်းက တောင်းဆိုထားခဲ့တာဖြစ်သလို အင်တာဘက်က ပေါင် ၃၈ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့်လည်း အတ္တလန္တာက ပယ်ချခဲ့ပါတယ်။ အခုချိန်မှာလည်း လိဂ်ပွဲ ၂ ပွဲပျက်ကွက်မှုကြောင့် အသင်း နဲ့ ကစားသမားကြားမှာ တင်းမာမှုတွေရှိနေတယ်လို့ သိရပါတယ်။

လွတ်ခ်မန်းဟာ ၂၀၂၃ - ၂၄ ရာသီတုန်းက ယူရိုပါလိဂ်ရယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေပါဝင်ခဲ့သလို သူ့ကစားဟန်ကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်တွေကြောင့် အသင်းတော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ ကစားသမားဘက်က လူသိရှင်ကြားဝေဖန်နေပေမယ့်လည်း အတ္တလန္တာက ချန်ပီယံလိဂ်လူစာရင်းထဲမှာ လွတ်ခ်မန်းကို ထည့်သွင်းထားပါတယ်။

ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီနဲ့မကန်ခင် အတ္တလန္တာဟာ လက်ချီအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဘိုင်ယန်ဟာ လွတ်ခ်မန်းကိုမခေါ်ယူနိုင်ခဲ့တာကြောင့် ချဲလ်ဆီးစတား ဂျက်ဆင်ကို အစားထိုးခေါ်ယူခဲ့ပါတယ်။ လက်ရှိမှာလည်း လွတ်ခ်မန်းအနာဂတ်က မသေချာသေးပဲ တကယ်လို့အသင်းဘက်က ပျော့ပျောင်းစွာမကိုင်တွယ်ခဲ့ဘူးဆိုရင် နိုင်ဂျီးရီးယားသားအနေနဲ့ လာမယ့်ဆောင်းဈေးကွက် ဒါမှမဟုတ် နွေဈေးကွက်မှာ အသင်းကနေထွက်ခွာနိုင်ချေများနေပါတယ်။