
ပြီးခဲ့တဲ့ရာသီရဲ့စိတ်ပျက်ခဲ့ရမှုတွေကို ဘိုင်ယန်မြူးနစ်အသင်း တုံ့ပြန်နေပါပြီလို့ ပြောဆိုလိုက်တဲ့ ကွန်ပနီ
ဒီနေ့မနက်ပိုင်း၊ ရုန်းကန်နေရတဲ့ ဟော်ဖန်ဟိမ်းကို သက်သောင့်သက်သာဖြင့် ငါးဂိုးပြတ်အနိုင်ယူပြီးနောက် ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက သူ့ရဲ့အသင်းဟာ အောင်မြင်မှုတွေ တဖန်ပြန်ရယူဖို့ ဆာလောင်နေပြီး ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့စိတ်ပျက်ခဲ့ရမှုတွေအပေါ် တုံပြန်ပြနေပြီလို့ ပြောခဲ့ပါတယ်။
အခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ဟော်ဖန်ဟိမ်းတို့ ခုခံကစားနိုင်ခြင်းမရှိဘဲ ပထမပိုင်း ၁၉ မိနစ်အတွင်းမှာပင် ဦးဆောင်ဂိုးသုံးဂိုးအထိ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာလည်း ဘိုင်ယန်မြူးနစ်က နောက်ထပ်နှစ်ဂိုးသွင်းယူခဲ့လို့ ဂိုးပြတ်နိုင်ပွဲရရှိပြီး အမှတ်ပေးဇယားဒုတိယနေရာရှိ လက်ရှိချန်ပီယံလေဗာကူဆင်ကို လေးမှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။
ကွန်ပနီက “အသင်းရဲ့စွမ်းဆောင်ရည်၊ စိတ်ဓါတ်ပိုင်းနဲ့ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်။ ကျွန်တော်တို့တွေ ပြင်းပြင်းထန်ထန်ခုခံကာကွယ်ခဲ့ပြီး ပွဲကောင်းတစ်ခုကို ကစားခဲ့ပါတယ်။ ဒါကို ဆက်ထိန်းသွားရပါမယ်။ ပွဲတိုင်းမှာလည်း ကျွန်တော်တို့တွေက ပြီးခဲ့တဲ့ဘောလုံးရာသီအတွက် တုံ့ပြန်မှုနဲ့အတူ အောင်မြင်မှုတွေ ရယူဖို့ ဆာလောင်နေတယ်ဆိုတာကို ပြသထားပါတယ်”လို့ ပြောပါတယ်။
ဘိုင်ယန်မြူးနစ်က ၂၀၁၃ ခုနှစ်မှစတင်ကာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို စိုးမိုးထားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ပြည်တွင်းရှုံးပွဲမရှိချန်ပီယံ လေဗာကူဆင်ဆီ အမှတ်ပေးချန်ပီယံဆုနဲ့ ရှုံးထွက်ဖလားတို့ ပေးအပ်ခဲ့ရပါတယ်။ အခုဘောလုံးရာသီမှာတော့ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါ ၁၇ ပွဲကစားထားရာမှာ ၁၃ ဂိုးသာ ပေးခဲ့ရပြီး ၅၃ ဂိုးအထိ သွင်းယူခဲ့ပါတယ်။
ကွန်ပနီက “ကျွန်တော်တို့တွေ အခုပွဲစဉ်ကို ပြိုင်ဘက်အပေါ် လေးစားမှုအပြည့်နဲ့ ချဉ်းကပ်လာခဲ့တာပါ။ ကျွန်တော်တို့အတွက် ဒီပွဲစဉ်က လွယ်ကူသွားလိမ့်မယ်လို့ တွေးတောင်မတွေးမိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း ကစားသမားကောင်းတွေ အများကြီးရှိထားပြီး အခုပွဲစဉ်အတွက် ပျော်ရွှင်မှုတစ်ခုကို ချပြခဲ့ပါတယ်”လို့ ပြောပါတယ်။
ဘယ်လ်ဂျီယံသားရဲ့ အဖွင့်ဘောလုံးရာသီမှာပဲ သူ့ရဲ့အသင်း ဂိုး ၁၀၀ အထိ သွင်းယူနိုင်မလားလို့ မေးမြန်းချိန်မှာ သွင်းဂိုးအရေအတွက်ပမာဏက သူ့အတွက် အရေးမကြီးပါဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ကွန်ပနီက “ ဂိုး ၁၀၀ ကျော် သွင်းဖို့လား? ကျွန်တော့်အတွက်တော့ လာမယ့်ပွဲစဉ်အကြောင်းပဲ စိတ်ကူးထဲမှာ ရှိပါတယ်။ ကျွန်တော်တို့အသင်းအတွက် ဖြတ်ကျော်ရမယ့် အန္တရာယ်တွေ ကျန်ရှိနေပါသေးတယ်”လို့ ပြောပါတယ်။