ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်ကို လွဲချော်သွားဦးမယ့် ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာ
ဘာစီလိုနာတောင်ပံကြယ်ပွင့် ရာဖင်ဟာအနေနဲ့ အသင်းရဲ့လေကျင့်ရေးကွင်းကိုပြန်ရောက်နေပြီး ပုံမှန်အတိုင်းလေ့ကျင့်ရေးဆင်းနေပေမယ့် လာမယ့်တနင်္လာနေ့ ဆယ်လ်တာဗီဂိုနဲ့ယှဉ်ပြိုင်သွားရယ့် လာလီဂါပွဲစဉ်ကိုတော့ ထပ်မံလွဲချော်သွားဦးမယ်လို့သိရပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အနားယူနေခဲ့ရတာဖြစ်ပြီး ယခုချိန်မှာတော့ လေ့ကျင့်ရေးအစီအစဉ်တွေပြန်လည်ပြုလုပ်နေပြီး ကြံ့ခိုင်မှုတည်ဆောက်နေပြီလည်းဖြစ်ပါတယ်။
တံကောက်ကြောဒဏ်ရာရရှိထားခဲ့တဲ့ လိဒ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့လမှာပဲ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ဘာစီလိုနာရဲ့ဆေးအဖွဲ့က စောင့်ကြည့်မှုတွေပြုလုပ်နေပြီး နိုဝင်ဘာလရောက်မှသာ ပြန်လည်ကစားနိုင်မယ်လို့ အသိပေးခဲ့ပါတယ်။ ယခုနိုဝင်ဘာလအတွင်း ဆယ်လ်တာဗီဂိုနဲ့ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ်မှာ ရာဖင်ဟာတစ်ယောက် ပြန်လည်ပါဝင်ကစားနိုင်မယ်လို့ ယူဆခဲ့ကြပေမယ့် ဘာစီလိုနာကတော့ ကစားသမားကို စွန့်စားမှုမယူလိုတာကြောင့် လူစာရင်းမှချန်လှပ်ဖို့သာ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
ဒါ့အပြင် အသင်းရဲ့ဆေးအဖွဲ့ကလည်း ရာဖင်ဟာကို အဆိုပါပွဲစဉ်မှာ ပြန်လည်ကစားစေဖို့ ခွင့်ပြုလိုခြင်းမရှိတာကြောင့် ဘရာဇီးသားဟာ နိုဝင်ဘာလနှောင်းပိုင်းမှသာ ဟန်ဆီဖလစ်ရဲ့အသင်းအတွက် စတင်ပါဝင်ကစားသွားဖွယ်ရှိပါတယ်။ သို့သော် တစ်ဖက်မှာတော့ ဘာစီလိုနာရဲ့နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ခရစ္စတန်ဆန်ကတော့ ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။ ဒိန်းမတ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အသင်းရဲ့လေ့ကျင့်ရေးကွင်းသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး ပုံမှန်အတိုင်းလေ့ကျင့်ရေးဆင်းနေခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကလပ်ဘရုဂျက်ကို ၃-၃ နဲ့သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဲရစ်ဂါစီယာတစ်ယောက် နှာခေါင်းရိုးကျိုးဒဏ်ရာရရှိခဲ့လို့ ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာတာကြောင့် ခရစ္စတန်ဆန်အနေနဲ့ အစားထိုးပါဝင်သွားဖွယ်ရှိတယ်လို့လည်း သတင်းတွေကဆိုပါတယ်။