The network connection is lost.

Banner Image

အိုလ်မိုနဲ့ ဗစ်တာတို့ရဲ့ ကစားသမားမှတ်ပုံတင်အခြေအနေနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဒန်နီအိုလ်မိုနဲ့ ပေါဗစ်တာတို့ကို ဒုတိယရာသီဝက်အတွက် ကစားသမားမှတ်ပုံတင်စာရင်းသွင်းခြင်းနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ဘာစီလိုနာဟာ ကစားသမားမှတ်ပုံတင်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ဖို့ ငြင်းဆိုထားပြီး လာလီဂါမှ ခွင့်ပြုမယ့်အချိန်ကိုသာ စောင့်မျှော်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ အိုလ်မိုနဲ့ ဗစ်တာတို့အတွက် ကစားသမားလိုင်စင်အသစ်တွေကို စပိန်ဘောလုံးအဖွဲ့ချုပ်ထံလျှောက်ထားခဲ့ပြီဖြစ်ပေမယ့် ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ 

လာလီဂါကတော့ လောလောဆယ်မှာ ဘာစီလိုနာရဲ့ VIP Boxes ရောင်းချငွေ ယူရိုသန်း ၁၀၀ ဝန်းကျင်နဲ့ပတ်သက်တဲ့ စာရွက်စာတန်းတွေနဲ့ ငွေပေးချေပြီးကြောင်းအထောက်အထားတွေကို ပြန်လည်စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ထုတ်ချက်မှာ “ဘာစီလိုနာအနေနဲ့ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဒန်နီအိုလ်မိုနဲ့ ပေါဗစ်တာတို့အတွက် ကစားသမားမှတ်ပုံတင်ခြင်းနဲ့ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ် RFEF ထံ လျှောက်ထားပြီးဖြစ်ကြောင်း အသိပေးလိုပါတယ်။ ကလပ်အနေနဲ့ ယာယီရပ်ဆိုင်းမှုတွေနဲ့ပတ်သက်ပြီးတော့လည်း ငြင်းဆန်လိုကြောင်း ပြောကြားလိုပါတယ်” လို့ထုတ်ပြန်ခဲ့ပါတယ်။ 

လက်ရှိအခြေအနေအရ စပိန်ဘောလုံးအဖွဲ့ချုပ်ကသာ အဆိုပါလိုင်စင်များကို အချိန်မီခွင့်ပြုပေးခဲ့ခြင်းမရှိပါက ကစားသမား ၂ ဦးစလုံးဟာ ရာသီကုန်အထိ ဘာစီလိုနာအတွက် ကစားခွင့်ရမှာမဟုတ်တော့ပါဘူး။ သတင်းတွေအရ အိုလ်မိုရဲ့အေးဂျင့်က ကစားသမားဟာ အသင်းမှာ ဆက်လက်နေထိုင်မယ်လို့ ပြောထားသော်လည်း ဘာစီလိုနာနဲ့ချုပ်ဆိုထားတဲ့စာချုပ်အရ စပိန်သားဟာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရနိုင်ချေရှိတယ်လို့သိရပါတယ်။