The network connection is lost.

Banner Image

ဒါနီအိုလ်မိုရဲ့အမှုကိစ္စကြောင့် အခက်ကြုံနေရတယ်လို့ အတည်ပြုလိုက်တဲ့ ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်

လတ်တလောကစားသမားမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်တွေကြောင့် ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းနဲ့ရင်ဆိုင်ရမယ့် အခုညပိုင်း၊ စပိန်စူပါဖလားဆီမီဖိုင်နယ်ပွဲစဉ်မှာ ဒါနီအိုလ်မိုနဲ့ ပါအူဗစ်တာတို့ကို ဆုံးရှုံးသွားရပါလိမ့်မယ်။ ဒီကစားသမားနှစ်ဦးက ပြီးခဲ့တဲ့စနေနေ့၊ Barbastro ကို အနိုင်ရရှိတဲ့ စပိန်ဘုရင့်ဖလားပွဲစဉ်နဲ့လည်း လွဲချော်ခဲ့ပါတယ်။ ဒီကိစ္စက လွန်ခဲ့တဲ့သီတင်းပတ်နှစ်ခုအတွင်း ဘောလုံးလောကသားတွေရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး ဟန်စီဖလစ်ခ်ကိုယ်တိုင်ကလည်း သူနဲ့ သူ့ရဲ့ကစားသမားတွေဟာ လတ်တလောအခြေအနေကို ရင်ဆိုင်နိုင်ဖို့ အခက်တွေ့နေရတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဟန်စီဖလစ်ခ်က “ကျွန်တော်တို့အတွက် လွယ်ကူတဲ့အခြေအနေတစ်ရပ် မဟုတ်ပါဘူး။ အရမ်းအရေးပါတဲ့ ကစားသမားနှစ်ဦးဖြစ်လို့ သူတို့မပါဝင်နိုင်တာက အခက်တွေ့စေပါတယ်။ ဒါနီအိုလ်မိုဆိုတာ အရမ်းကောင်းတဲ့ဘောလုံးသမားတစ်ဦးဖြစ်တယ်လို့ ကျွန်တော်တို့ သိထားကြပြီး ကျွန်တော်တို့ သူ့ကို အမြဲတမ်းအမှတ်ရနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်။ အမှန်ပါပဲ၊ အခုကိစ္စက ကျွန်တော်တို့အပေါ် ထိခိုက်စေပါလိမ့်မယ်။ ဒါပေမယ့် တဖက်မှာလည်း ကျွန်တော်တို့က အသင်းတစ်ခုအဖြစ် စုစုစည်းစည်းဆက်ရှိနေပြီး စုစည်းညီညွှတ်မှုရှိတဲ့အသင်းတစ်ခုဆိုတာ ပြသသွားရပါမယ်”လို့ ပြောပါတယ်။

အစောပိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်း ရာဖင်ဟာက အခုကစားသမားမှတ်ပုံတင်နိုင်ရေးကိစ္စကြောင့် ကစားသမားသစ်ခေါ်ယူနိုင်ရေးကိစ္စတွေမှာ ဘာစီလိုနာအသင်းအတွက် အခက်အခဲပိုရှိလာနိုင်တယ်လို့ ယုံကြည်နေကြောင်း အတိအလင်းပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဟန်စီဖလစ်ခ်ကလည်း သူ့ရဲ့အတွေးအမြင်ကို ပြောပြသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက “ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် အခုလိုအခြေအနေမျိုးမှာ ရှိနေခဲ့တယ်ဆိုတာတော့ သေချာပါတယ်။ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာလည်း ကျွန်တော်ကိုယ်တိုင် အပြည့်စုံဆုံး သိရှိနားလည်ထားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ လက်ခံပေးသွားရပါမယ်”လို့ ပြောပါတယ်။

အခုအခြေအနေတွေက ဟန်စီဖလစ်ခ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ကိုင်တွယ်ရခက်ခဲလိမ့်မယ်ဆိုတာ နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ထိခိုက်မှုမကြီးမားလာအောင် တာဆီးနိုင်ဖို့ သူတို့ကိုယ်တိုင်လည်း မတက်နိုင်ပါဘူး။