The network connection is lost.

Banner Image

ဒေါ့မွန်ကို ဂိုးပြတ်အနိုင်ယူပြီးနောက် ကစားသမားတွေကို အာရုံစူးစိုက်မှုရှိကြဖို့ တိုက်တွန်းလိုက်တဲ့ ဟန်စီဖလစ်ခ်

ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမယ့် ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်ကတော့ သူတို့အသင်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်ပြီဆိုတဲ့ ဆွေးနွေးမှုတွေကို ပယ်ချသွားခဲ့ပါတယ်။အလားတူ လာမယ့်သီတင်းပတ်၊ ဂျာမန်မြေဒုတိယအကျော့ပွဲစဉ်မတိုင်မီ ဘာစီလိုနာတို့ ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ပြီဆိုတဲ့အတွေးတွေကိုလည်း ဟန်စီဖလစ်ခ်က ငြင်းပယ်ခဲ့ပါတယ်။

Movistar Plus သတင်းဌာနနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “No, no, no, no, no, no, no, no... ကျွန်တော်တို့ အခုအချိန်အထိ နောက်တစ်ဆင့်ဆီ မတက်လှမ်းနိုင်သေးပါဘူး။ဘောလုံးဆိုတာ ရူးလောက်စရာအားကစားတစ်ခုဖြစ်နေလို့ ဘာတွေဖြစ်လာမလဲကို ဘယ်သူမှ ကြိုမသိပါဘူး။ နောက်တစ်ဆင့်တက်လှမ်းချင်တယ်ဆိုရင် ဒီနေ့ကစားခဲ့သလိုမျိုး ဒေါ့မွန်မြေမှာလည်း ကစားသွားဖို့ လိုအပ်ပါတယ်။ အမှားတွေကိုလည်း မလုပ်မိစေနဲ့ပေါ့။ ကျွန်တော်တို့ရဲ့ကစားပုံ အရမ်းကောင်းခဲ့ပြီး ဒီလိုကစားပုံမျိုးဆို ဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်။ အဖြစ်အပျက်က ဒါပါပဲ”လို့ ပြောပါတယ်။

ဒီဇင်ဘာလနှောင်းပိုင်းမှာကတည်းက ရှုံးပွဲမရှိသေးဘဲ ဆုဖလားသုံးလုံးလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ ဘာစီလိုနာက တိုက်စစ်ပိုင်းကစားသမားတွေရဲ့စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ အားကောင်းလာခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းပွဲစဉ်မှာလည်း လီဝန်ဒေါစကီးက အသင်းဟောင်းကို နှစ်ဂိုးသွင်းယူခဲ့ပြီး ရာဖင်ဟာ၊ လမိုင်းယာမယ်လ်တို့လည်း ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် ဟန်စီဖလစ်ခ်ကတော့ Clean Sheet ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူ့ရဲ့ခံစစ်မှူးတွေကိုလည်း အထူးတလည် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ဟန်စီဖလစ်ခ်က “ လီဝန်ဒေါစကီး၊ ယာမယ်လ်နဲ့ ရာဖင်ဟာတို့က အလွန်ထက်မြက်သလို ကျွန်တော်တို့အတွက်လည်း အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းခံစစ်ပိုင်းနဲ့ အရန်ခုံတန်းမှတဆင့် ဝင်ရောက်လာသူတွေလည်း အလားတူပဲ ဖြစ်ပါတယ်။ သူတို့အားလုံးက အကျိုးသက်ရောက်မှုတစ်ခု အလျင်အမြန်ပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနိုင်ခဲ့ပြီး ပွဲထွက်ကစားသမားတွေလိုပဲ တူညီတဲ့အဆင့်အတန်းတစ်ခုဆီရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဘောလုံးရာသီရဲ့အခုလိုကာလမျိုးမှာ အခုလိုပွဲစဉ်ဇယားနဲ့အတူ ကစားသမားအားလုံး ပွဲမပန်းအောင် လုပ်နိုင်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အသင်းလူစာရင်းပိုင်းက အဓိကပါပဲ။

ကျွန်တော်တို့တွေက အလွန်မြင့်မားလှတဲ့အဆင့်အတန်းမျိုးမှာ ကစားခဲ့ပါတယ်။ ဒါပေမယ့် အမှားအယွင်းအချို့ကိုလည်း ကျူးလွန်မိပါတယ်။ ကျွန်တော်တို့ တိုးတက်လာအောင် လုပ်ရပါမယ်။ ဒေါ့မွန်မှာ အရမ်းလျှင်မြန်တဲ့ကစားသမားတွေ ပါဝင်သလို ကျွန်တော်တို့အသင်းခံစစ်ပိုင်းကလည်း အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။