
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်နဲ့ပတ်သက်ပြီး မစဉ်းစားသေးဘူးလို့ဆိုလိုက်တဲ့ လီဝန်ဒေါစကီး
ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက အသင်းဟာ ကြာသပတေးနေ့နံနက်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန်ကို ၄-၀ နဲ့အပြတ်အသတ်အနိုင်ယူခဲ့ပေမယ့် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်ဖို့ စဉ်းစားထားခြင်းမရှိသေးကြောင်း ပြောကြားလာခဲ့ပါတယ်။
ကွာတားဖိုင်နယ်ပထမအကျော့မှာ ဘာစီလိုနာဟာ ဒေါ့မွန်ကို ၄ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ သေချာလောက်တဲ့အခြေအနေကို ဖန်တီးနိုင်ခဲ့ပေမယ့် လီဝန်ဒေါစကီးကတော့ ဒုတိယအကျော့ကိုသာ အာရုံစိုက်ဖို့လိုအပ်နေသေးကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ယခု ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအတွက် လီဝန်ဒေါစကီးက ၂ ဂိုး၊ ရာဖင်ဟာနဲ့ လာမိုင်းယာမယ်လ်တို့က ၁ ဂိုးစီသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ပွဲအပြီးမှာ ပိုလန်လက်ရွေးစင်က "ကျွန်တော်တို့ ဒီပွဲမှာ ခြေစွမ်းကောင်းနဲ့ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ်အဆင့်ကိုတော့ မစဉ်းစားသေးပါဘူး။ ကျွန်တော်တို့က ပွဲတိုင်းကို အမြဲတမ်းထိန်းချုပ်ကစားချင်ပါတယ်။ ဒေါ့မွန်ကိုအနိုင်ရဖို့ဦးတည်ပြီးကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့တယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒါက ချန်ပီယံလိဂ်ပါ။ ဒုတိယအကျော့မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ အသင်းလိုက်ကစားနိုင်ဖို့က အရေးအကြီးဆုံးပါ။ တိုက်စစ်မှူးတွေ ဂိုးသွင်းတာ မသွင်းတာက အရေးမကြီးပါဘူး။ ဒီပွဲက အသင်းအတွက် ခြေလှမ်းတစ်လှမ်းဖြစ်ပေမယ့် ကျွန်တော်တို့ ခြေလှမ်းတွေအများကြီးဆက်လှမ်းသွားရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ကစားသမားဘဝမှာ ဒေါ့မွန်ကို ပြိုင်ဘက်အနေနဲ့ စုစုပေါင်း ၂၈ ကြိမ်ရင်ဆိုင်ခဲ့ရပြီး ၂၉ ဂိုးအထိသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပိုလန်သားဟာ သူ့ရဲ့ကစားသမားဘဝသက်တမ်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့တဲ့အသင်းဟာ ဒေါ့မွန်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နည်းပြဟန်ဆီဖလစ်အနေနဲ့လည်း ချန်ပီယံလိဂ် ၂၉ ပွဲကိုင်တွယ်ထားရာမှာ ၂၅ ပွဲအထိအနိုင်ရရှိခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်နိုင်ပွဲ ၂၅ ပွဲအမြန်ဆုံးရရှိတဲ့နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဖလစ်က "ရလဒ်ကအရေးကြီးသလို၊ အသင်းရဲ့ကစားပုံကလည်း အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် အသင်းက ၂ ခုစလုံးမှာ ပြီးပြည့်စုံအောင်လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့်ကို မတက်သေးပါဘူး။ ဘောလုံးက ရူးသွပ်တဲ့အားကစားနည်းတစ်ခုပါ။ ဒေါ့မွန်ရဲ့အိမ်ကွင်းကိုသွားကစားချိန်မှာလည်း ဒီနေ့လိုပဲ ကစားနိုင်ဖို့လိုပါတယ်။ ပြီးတော့ အခုထက်ပိုပြီးလည်း အမှားနည်းရပါမယ်" လို့ပြောကြားခဲ့ပါတယ်။