The network connection is lost.

Banner Image

ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အပြင် မာတင်နယ်လီပါဒဏ်ရာရခဲ့လို့ ပေးဆပ်မှုကြီးမားခဲ့ရတဲ့ အာဆင်နယ်

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်ဟာ နယူးကာဆယ်ကို ၂-၀ နဲ့ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် ၂ ကျော့ပေါင်းရလဒ် ၄-၀ နဲ့ပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့အပြင် အသင်းရဲ့တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီပါ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရလို့ ဆုံးရှုံးနစ်နာမှု ကြီးမားခဲ့ရပါတယ်။ 

ယခုပွဲစဉ်မှာ မာတင်နယ်လီဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပုံပေါ်ပြီး ပထမပိုင်းမပြီးခင် ပွဲကစားချိန် ၃၇ မိနစ်မှာပဲ လူစားလဲဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘူကာယိုဆာကာဒဏ်ရာရနေတဲ့ အာဆင်နယ်အတွက် ဘရာဇီးသားရဲ့ဒဏ်ရာဟာ တိုက်စစ်ပိုင်းထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပြန်ပါတယ်။ ဒါ့အပြင် ဂါဘရီရယ်ဂျီးဆပ်ကလည်း ကာလရှည်အနားယူဖို့လိုအပ်နေတာကြောင့် နည်းပြအာတီတာအနေနဲ့ မာတင်နယ်လီရဲ့ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်ထားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာလည်း အာဆင်နယ်ဟာ တိုက်စစ်ပိုင်းလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့တာကြောင့် အာတီတာက စိတ်ပျက်မိကြောင်း ပြောကြားထားခဲ့ပါသေးတယ်။ 

အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မာသီစ်တဲလ်နဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်တို့ကို ချိတ်ဆက်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုပွဲရလဒ်ကြောင့် အာဆင်နယ်ကပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမယ့် နယူးကာဆယ်ကတော့ ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ပြီဖြစ်ပြီး တစ်ဖက်က လီဗာပူးနဲ့တော့တင်ဟမ်တို့ပွဲစဉ်မှ အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ နယူးကာဆယ်အတွက်ဂိုးတွေကို မာဖီနဲ့ ဂေါ်ဒွန်တို့က သွင်းယူပေးခဲ့ကြပါတယ်။ 

မာတင်နယ်လီရဲ့ဒဏ်ရာကို အကဲဖြတ်ပြီး အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားမယ့်အာဆင်နယ်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။