The network connection is lost.

Banner Image

ဒုတိယအကျော့မှာပြန်လာမယ်လို့ ယူနိုက်တက်ကို သတိပေးလာတဲ့ ဝီလီယမ်စ်

သောကြာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ၀-၃ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ဘီလ်ဘာအိုတောင်ပံကစားသမား အင်နာကီဝီလီယမ်စ်က ပထမအကျော့မှာ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အင်္ဂလန်မြေမှာတော့ ပြန်လာနိုင်ဖို့ကြိုးစားသွားမှာဖြစ်ကြောင်း သတိပေးစကားဆိုလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဘီလ်ဘာအိုကို အဝေးကွင်း စပိန်မြေမှာသွားရောက်ရင်ဆိုင်ခဲ့ရပေမယ့် စွမ်းဆောင်ရည်ကောင်ကို ပြသနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲသို့တက်ရောက်ဖို့ အတော်လေးသေချာနေပြီဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် မိနစ် ၃၀ မှာ ကတ်စ်မဲရိုးက စတင်သွင်းယူပေးခဲ့ပြီး ၅ မိနစ်အကြာမှာတော့ ဘီလ်ဘာအိုနောက်ခံလူ ဗီဗီယန် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ 

တစ်ယောက်လျော့သွားတဲ့ ဘီလ်ဘာအိုဟာ ယူနိုက်တက်ကို လုံးဝခုခံနိုင်စွမ်းမရှိတော့ဘဲ ပထမပိုင်းအတွင်းမှာပဲ နောက်ထပ် ၂ ဂိုးထပ်မံခွင့်ပြုခဲ့ရပြီး ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ဒုတိယဂိုးနဲ့ တတိယဂိုးကိုတော့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တစ်ဦးတည်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဝီလီယမ်စ်က "ကျွန်တော်တို့က ပြန်လာနိုင်ပါသေးတယ်။ ပြန်လာနိုင်ပါ့မလားလို့ သံသယရှိနေတဲ့ ကစားသမားတွေလည်းရှိပါတယ်။ ကျွန်တော်တို့ ပင်နယ်တီမပေးရခင်က ဂါနာချိုဘောလုံးကို လက်နဲ့ထိခဲ့ပါတယ်။ အဲဒါကို ဒိုင်လူကြီးမမြင်ခဲ့ပါဘူး"

"ဗီဗီယန်အနီကတ်ပြခံခဲ့ရတာကလည်း သိပ်ပြီးတော့ တရားမျှတမှုမရှိပါဘူး။ ဒါပေမယ့် ဒီပွဲမှာကျွန်တော်တို့ စွမ်းဆောင်ရည်မကောင်းခဲ့တာတော့ ဝန်ခံပါတယ်။ကျွန်တော်တို့ ၃ ဂိုးအထိနောက်ကျနေပေမယ့် ပြန်လာနိုင်ပါသေးတယ်။ လိုင်ယွန်ဆိုရင် သူတို့ကို အဝေးကွင်းမှာ တစ်ယောက်လျော့နဲ့ ဒုက္ခပေးနိုင်ခဲ့တာပါပဲ။ ကျွန်တော်တို့လည်း အဲဒီလိုလုပ်နိုင်ဖို့ ကြိုးစားသွားပါမယ်"

"ကျွန်တော်တို့ တစ်ရာသီလုံးအလုပ်ကြိုးစားထားတာကို ပြသသွားပါမယ်။ ကျွန်တော်တို့အိပ်မက်ရဲ့ နောက်ဆုံးပိုင်း အခန်းကဏ္ဍကို ရောက်ရှိနေပါပြီ။ ပရိသတ်တွေကအမြဲတမ်းအားပေးနေသလို ကျွန်တော်တို့လည်း အစွမ်းကုန်ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ကတ်စ်မဲရိုးကို ပွဲအပြီးမှာ အသင်းက နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာပြီလားလို့မေးမြန်းခဲ့ရာ ဘရာဇီးသားက "လုံးဝမသေချာသေးပါဘူး။ ဒီပွဲက မပြီးသေးပါဘူး။ ကျွန်တော် ဘီလ်ဘာအိုအကြောင်းကို ကောင်းကောင်းသိပါတယ်။ သူတို့မှာ ကစားသမားကောင်းတွေအများကြီးရှိပါတယ်။ အိမ်ကွင်းမှာ သူတို့ကို လေးစားမှုအပြည့်နဲ့ ကစားသွားရပါမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အရှုံးမပေးတတ်တဲ့အသင်းတစ်သင်းပါ" လို့ပြောကြားခဲ့ပါတယ်။