အသက်၁၆နှစ်မှာ အရွယ်နဲ့မလိုက်အောင် ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ယာမယ်လ်
ဘာစီလိုနာရဲ့ တိုက်စစ်ကစားသမားလေး ယာမယ်လ်ဟာ အရွယ်နဲ့ မလိုက်ဖက်အောင်ကို ကမ္ဘာ့အဆင့် ခြေစွမ်းတွေကို ပြသနေတယ်လို့ ပြောရမှာပါ။ ဒီလူငယ်က အသင်းကြီးလူစာရင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်ရှိလာခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ဘာစီလိုနာအသင်းကြီးအတွက် ခြေစွမ်းပြနေတာပါ။
လာမာစီယာအကယ်ဒမီကနေ ဇာဗီ စင်တင်ပေးလိုက်တဲ့ ဒီကောင်လေးက အန်ဆုဖာတီ၊ ပက်ဒရီ၊ ဂါဗီတို့နောက်ပိုင်း အတောက်ပဆုံး ဘာစီလိုနာ ကြယ်ပွင့်လို့လည်း ဆိုနိုင်ပါတယ်။ ဇာဗီကလည်း သူ့ကို ယုံယုံကြည်ကြည်နဲ့ နေရာပေးခဲ့ပြီး နောက်ပိုင်း ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းအတွက် မရှိမဖြစ် ကစားသမားနေရာကို ရောက်လာခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ မာယော့ကာနဲ့ ပွဲမှာလည်း အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ယာမယ်လ်က လှလှပပ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာတို့ ပထမပိုင်းကတည်းက ပင်နယ်တီရခဲ့ပေမယ့် ဂွန်ဒိုဂန်က ဝင်အောင် မကန်နိုင်ခဲ့လို့ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဒုတိယပိုင်း ၇၃ မိနစ်မှသာ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့တာပါ။ ဒီဂိုးကိုတော့ ယာမယ်လ်က ပြိုင်ဘက်ဂိုးသမားရဲ့ ထောင့်ထဲကို လှလှပပ ကန်သွင်းယူခဲ့ပြီး ဘာစီလိုနာကလည်း ယာမဲလ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယာမယ်လ်ဟာ လက်ရှိအချိန်မှာ ဘာစီလိုနာအတွက် ၆ ဂိုးသွင်း၊ ၅ ဂိုး ဖန်တီးပေးထားပြီးဖြစ်ပါတယ်။
ဘာစီလိုနာအနေနဲ့လည်း မနေ့ကပွဲရလဒ်ကြောင့် ဇယားထိပ်က ရီးရဲလ်မက်ဒရစ်ထက် တစ်ပွဲပို ၅ မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာလည်း ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် နာပိုလီနဲ့ ရင်ဆိုင်ဖို့လည်း ရှိနေပါသေးတယ်။