The network connection is lost.

Banner Image

ပီအက်စ်ဂျီကိုဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ပြန်လာနိုင်သေးတယ်လို့ဆိုလာတဲ့ အမ်မရီ

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ အက်စတွန်ဗီလာဟာ ပီအက်စ်ဂျီကို ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် နည်းပြဖြစ်သူ အူနိုင်းအမ်မရီကတော့ သူ့ရဲ့အသင်းဟာ ဒုတိယအကျော့ အိမ်ကွင်းမှာ ပြန်လာနိုင်သေးတယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အက်စတွန်ဗီလာဟာ မော်ဂန်ရော်ဂျာစ်ရဲ့သွင်းဂိုးနဲ့ ပြင်သစ်မြေမှာစတင်ဦးဆောင်နိုင်ခဲ့ပေမယ့် သွင်းဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရပြီး ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် တတိယမြောက်အနိုင်ဂိုးကို ပွဲပြီးကာနီးအချိန်ပိုမိနစ်မှာ နူနိုမန်ဒက်စ်က သွင်းယူပေးခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးကြောင့် အက်စတွန်ဗီလာအနေနဲ့ အိမ်ကွင်းမှာ အနည်းဆုံး ၃ ဂိုးပြတ်သွင်းနိုင်မှသာ နောက်တစ်ဆင့်သို့တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ပွဲအပြီးမှာ  အမ်မရီက "တတိယသွင်းဂိုးက ပြောင်းလဲမှုကြီးကြီးမားမားမဖြစ်စေပါဘူး။ ၂-၁ နဲ့ရှုံးနိမ့်နေတဲ့အချိန်ကတည်းက ကျွန်တော်တို့ ဒုတိယအကျော့မှာပြန်လာနိုင်ဖို့ စဉ်းစားပြီးသားပါ။ ကျွန်တော်တို့မှာအခွင့်အရေးရှိနေပါသေးတယ်။ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်"

"ကျွန်တော်တို့အသင်းက အမြဲတမ်းတိုးတက်နေပါတယ်။အရမ်းကောင်းတဲ့ခြေစွမ်းနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ရလဒ်ကောင်းတစ်ခုကို ပုံဖော်နိုင်ဖို့ အရမ်းနီးစပ်ခဲ့ပါတယ်။ တတိယဂိုးခွင့်ပြုခဲ့ရတာကိုလည်း လက်ခံနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့စိတ်ထဲမှာ ပြောင်းလဲမှုကြီးကြီးမားမားမရှိပါဘူး။ အိမ်ကွင်းမှာ သူတို့ကို ၁ ဂိုးထက်ပိုသွင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာဖို့တော့ရှိပါတယ်။ အိမ်ကွင်းပရိသတ်တွေနဲ့အတူ ဗီလာပါ့ခ်မှာ ပြန်လာနိုင်ဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဗီလာအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တဲ့ ရော်ဂျာစ်ကလည်း "ဒီပွဲက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ ခန့်မှန်းပြီးသားပါ။ ပီအက်စ်ဂျီက ကျွန်တော်တို့ကို ချေမှုန်းနိုင်ပါတယ်။ သူတို့မှာ ကြယ်ပွင့်ကစားသမားတွေ အများကြီးရှိပါတယ်။ ဒီလိုအသင်းမျိုးကို တိုက်စစ်နဲ့ခံစစ်တစ်ချိန်တည်းမှာ ယှဉ်ပြိုင်ရတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအတိုင်းပဲကစားခဲ့ပါတယ်။ ကျွန်တော်တို့အမှားကြောင့်ပဲ ရှုံးသွားတာဖြစ်မှာပါ"

"ဂိုးရလဒ်က ကျွန်တော်တို့အတွက် အခက်အခဲဖြစ်စေပေမယ့် ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ဖို့သက်သက်ပဲရောက်နေကြတာမဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားချင်ပါတယ်။ အဝတ်လဲခန်းထဲမှာလည်း ကစားသမားတွေက ယုံကြည်ချက်ပြင်းထန်နေတုန်းပါ။ကျွန်တော်တို့ ချန်ပီယံဆုကိုရလိမ့်မယ်လို့ ဘယ်သူမှ မထင်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဆက်လက်တိုက်ပွဲဝင်နေဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။