The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့အပြိုင် ချဲလ်ဆီးစတားကို စိတ်ဝင်စားလာတဲ့ အက်စ်တွန်ဗီလာ

တော့တင်ဟမ်အသင်းအနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ ဂယ်လာဟာကို ခေါ်ယူဖို့ အက်စ်တွန်ဗီလာအသင်းနဲ့အားပြိုင်ရတော့မှာဖြစ်ပါတယ်။ တော့တင်ဟမ်က အင်္ဂလန်သားကို အထူးစိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေကာ တီကိုအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ အမှန်တကယ်မှာလည်း ဂယ်လာဟာကို ဇွန်လ ၃၀ ရက်နေ့မတိုင်ခင် ကောင်းမွန်တဲ့တန်ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘဏ္ဍာရေးစည်းမျည်းအနေအထားကြောင့် ကစားသမားအချို့ ရောင်းချရဖွယ်ရှိနေကာ ဂယ်လာဟာလည်း ပါဝင်နေပါတယ်။ အင်္ဂလန်သား နဲ့ ချဲလ်ဆီးတို့ကြား စာချုပ်သက်တမ်းက ၁၂ လသာ ကျန်တော့တာဖြစ်ပြီး ချဲလ်ဆီးဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် သဘောတူညီမှု မရသေးတာဖြစ်ပါတယ်။

တော့တင်ဟမ်ကတော့ ချဲလ်ဆီးအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေ ခက်ခဲနေစဉ်အတွင်းမှာ ဂယ်လာဟာကို ခေါ်ယူချင်နေပါတယ်။ ဂယ်လာဟာတစ်ယောက် စနေနေ့တုန်းက ဆောက်ဂိတ်ရဲ့ယူရို ၂၀၂၄ အတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပြီး ပြိုင်ပွဲမတိုင်ခင် အပြောင်းအရွှေ့အတွက် ဖြေရှင်းရဖွယ်ရှိနေပါတယ်။

ဗီလာကလည်း ဂယ်လာဟာကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ဆွေးနွေးနေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရတာက သူ့ကိုဆွဲဆောင်နိုင်တာဖြစ်ပါတယ်။  တော့တင်ဟမ်ကတော့ မြို့ခံပြိုင်ဘက်ဖြစ်တာကြောင့် ချဲလ်ဆီးနဲ့ ဆွေးနွေးဖို့ခက်ခဲနိုင်တာဖြစ်ပြီး ဇွန်လ ၃၀ ရက်ကျော်သွားရင် တော့တင်ဟမ်အတွက် ခေါ်ယူနိုင်ဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးကတော့ သူတို့စတားအတွက် ပေါင်သန်း ၅၀ အလိုရှိနေပြီး မေဆင်မောင့်ကို ရောင်းချတုန်းက ပေါင် ၅၅ သန်းအထိ ရရှိခဲ့တာကြောင့် အဆိုပါတန်ကြေးမျိုးလောက်အလိုရှိနေပါတယ်။ ချဲလ်ဆီးတာဝန်ရှိသူတွေကတော့ ဂယ်လာဟာရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပြီး အသင်းမှာ ဆက်ထိန်းထားချင်နေပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးမှုတွေက အဆင်မပြေပဲ ကစားသမားရဲ့အနာဂတ်က မသေချာတဲ့အနေအထားမျိုးဖြစ်နေပါတယ်။