ဂယ်လာဟာထံမှာ သွင်းဂိုးတွေမြင်တွေ့ရဖို့မျှော်လင့်ထားကြောင်းပြောကြားလာတဲ့ ဖရန့်ခ်
တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းသို့ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ကော်နာဂယ်လာဟာထံမှသွင်းဂိုးတွေမြင်တွေ့ရဖို့ မျှော်လင့်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။
တော့တင်ဟမ်ဟာ အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ်မက်ဒီဆင်၊ ကူလူဆက်ဗ်စကီး၊ မိုဟာမက်ကူဒက်စ်နဲ့ ရစ်ချာလီဆန်တို့ကို ဒဏ်ရာပြဿနာနဲ့လက်လွှတ်ထားရသလို၊ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၆ လခန့်အနားယူခဲ့ရတဲ့ ဆိုလန်ကီကလည်း ယခုအခါမှာ နလန်ထူစဖြစ်တာကြောင့် ဂယ်လာဟာကို မဖြစ်မနေခေါ်ယူခဲ့ရတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာရပ်တည်နေတဲ့တော့တင်ဟမ်ဟာ ကွင်းပြင်ပ ပြဿနာတွေအများအပြားဖြစ်ပေါ်နေသလို၊ ကွင်းထဲမှာလည်း ကစားသမားတွေရဲ့ ရေရှည်ဒဏ်ရာတွေက ပိုမိုခက်ခဲစေနေတာဖြစ်ပါတယ်။
ယခုအခါမှာတော့ ရစ်ချာလီဆန်နဲ့ ဆိုလန်ကီတို့ တာဝန်အပြည့်အဝမယူနိုင်တဲ့ ဂိုးသွင်းတာဝန်ကို ဂယ်လာဟာအနေနဲ့ ခွဲဝေယူနိုင်မယ်လို့ယုံကြည်ကြောင်းကို ဖရန့်ခ်က "အခုခေတ်မှာ တောင်ပံကစားသမားကလည်း ဂိုးအများဆုံးသွင်းသူ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်ရာသီလုံးမှာ ဂိုးအရေအတွက် အတော်အသင့် သွင်းပေးနိုင်တဲ့ ကွင်းလယ်လူ ရှိနေတာဟာ အားသာချက်တစ်ခုပါ။ အထူးသဖြင့် ပြိုင်ဘက် ဧရိယာထဲကို အချိန်ကိုက် ပြေးဝင်နိုင်စွမ်းရှိပြီး သူက ပါးနပ်တဲ့ အဆုံးသတ်သမားတစ်ယောက်လည်း ဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဂယ်လာဟာရောက်ရှိလာတာကြောင့် အသင်းရဲ့လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ လူးကပ်စ်ဘာ့ဂ်ဗော့လ်နဲ့ အာချီဂရေးတို့ နေရာပျောက်နိုင်လားဆိုတဲ့မေးခွန်းကို ဖရန့်ခ်က ""ဘယ်ကလပ်မှာမဆို ပြိုင်ဆိုင်မှုနဲ့ အရည်အသွေးက လုံလောက်အောင် ရှိနေရပါမယ်။ အခုကတော့ ဘန်တန်ကာ နေရာမှာ ဂယ်လာဟာနဲ့ အစားထိုးလိုက်သလိုပါပဲ။ အာချီနဲ့ လူးကပ်စ်တို့ကလည်း အများကြီး ကစားခဲ့ရပြီးပါပြီ။ သူတို့က ဖွံ့ဖြိုးဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ ပရီးမီးယားလိဂ်မှာ အသက် ၁၉ နှစ်အရွယ်နဲ့ ကွင်းလယ်ဗဟိုမှာ ပွဲထွက်ကစားနိုင်တာဟာ သူတို့ရဲ့ အရည်အသွေးကို ဖော်ပြနေတာပါပဲ" လို့ဖြေကြားခဲ့ပါတယ်။