The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ သရေပွဲအပြီး အာဆင်နယ်ကစားသမားတွေရဲ့ စိတ်ပျက်မှုကို အကောင်းမြင်နေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက တနင်္ဂနွေနေ့ည ချဲလ်ဆီးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ကစားသမားတွေ ပြသခဲ့တဲ့ စိတ်ဓာတ်ပိုင်းကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပထမပိုင်းမှာ မွိုင်ဆက်စ် ကိုင်စီဒို အနီကတ်ပြခံရလို့ လူတစ်ယောက်လျော့သွားခဲ့ပြီးနောက်မှာ ထရီဗာချာလိုဘတ်က အိမ်ရှင်အတွက် ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမဲ့ မီကယ်မီရီနိုက ပွဲချိန်တစ်နာရီမပြည့်ခင် ချေပဂိုးသွင်းယူခဲ့ပါတယ်။ 
အာဆင်နယ်က တစ်နာရီကျော်ကြာ ကစားသမားတစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ လိုအပ်နေတဲ့နိုင်ပွဲကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။

အာဆင်နယ်က သုံးမှတ်မရလို့ စိတ်ပျက်နေတာ ကောင်းတဲ့လက္ခဏာလားလို့ မေးတဲ့အခါ အာတီတာက "ဒါက ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့မှာရှိတဲ့ ခံစားချက်ဖြစ်ပြီး ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ စံနှုန်းတွေပါ။ ဒါဟာ သူတို့ရဲ့စိတ်ဓာတ်၊ ဆန္ဒပြင်းပြမှုနဲ့ ဘယ်လောက်လိုချင်တယ်ဆိုတဲ့အပေါ် မူတည်တာ ဖြစ်နိုင်ပါတယ်။ ဒီအတွက် အရာရာကို ကျွန်တော်တို့ ကျော်လွှားနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ လုပ်ရမယ့်အရာက ကောင်းကောင်းပြင်ဆင်ဖို့နဲ့ ဗုဒ္ဓဟူးနေ့မှာ ဘရန့်ဖို့ဒ်ထက် ပိုကောင်းအောင် ကြိုးစားဖို့ပါပဲ"လို့ ပြောခဲ့ပါတယ်။

ပွဲပန်းမှုအကြောင်း မေးမြန်းတဲ့အခါ အာတီတာက "ကျွန်တော်တို့ နှစ်ရက်ခွဲတိုင်း ပွဲစဉ်တစ်ပွဲကစားနေရပါတယ်။ ဒီနေ့ဆိုရင် ချဲလ်ဆီးထက် ပြင်ဆင်ချိန်တစ်ရက်လျော့နည်းခဲ့ပါတယ်၊ ဒါ့အပြင် ကစားသမားတွေလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ပွဲစဉ်ဇယားပါပဲ။ အခု ကျွန်တော်တို့ ဗုဒ္ဓဟူးနေ့မှာ သေချာပေါက်ကစားရတော့မှာဖြစ်ပြီး သုံးရက်တစ်ပွဲ ကစားရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ကို တွန်းအားပေးပါတယ်။ အများကြီး အရေးကြီးတဲ့ပွဲတွေပါ။ အရမ်းကို အကြိတ်အနယ်ရှိတဲ့ပွဲတွေ နှစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါကလည်း ဘောလုံးရဲ့ အလှတရားပါပဲ။ ဒီသီတင်းပတ်အတွင်း ကျွန်တော်တို့ကစားခဲ့တဲ့ပွဲမျိုး ကစားခွင့်ရတဲ့ကလပ် သိပ်မရှိပါဘူး။ ကျွန်တော် အသင်းကို အရမ်းဂုဏ်ယူပါတယ်" လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။