ဂျီးဆပ်စ်တစ်ယောက် အများကြီးပြောင်းလဲခဲ့ပြီလို့ အာတီတာ ထုတ်ဖော်ပြောကြား
အာဆင်နယ်နည်းပြ အာတီတာက ယူနိုက်တက်ကို ၂-၁ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ဂျီးဆပ်စ်ရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ ယူနိုက်တက်နဲ့ ခြေစမ်းပွဲမှာ နောက်ကနေ လိုက်ကစားခဲ့ရပြီး ဂျီးဆပ်စ်၊ မာတီနယ်လီတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဂျီးဆပ်စ်ကတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲအပြီးနောက်ပိုင်း အာဆင်နယ်အတွက် ပထမဆုံးအကြိမ် ဂိုးပြန်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
နွေရာသီတစ်လျှောက်လုံး ကိုင်ဟားဗက်ဇ်အပြင် အခြားတိုက်စစ်မှူးတွေ အာဆင်နယ်က ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကြောင့် ဂျီးဆပ်စ်အနေနဲ့ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းကြီးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အနေနဲ့ စပို့တင်းတိုက်စစ်မှူး ဂရီကီရက်စ်ကို ပေါင် ၆၈ သန်းအထိ ပေးချေပြီး ခေါ်ယူဖွယ်မရှိတာဖြစ်ပါတယ်။
အာတီတာကလည်း အခုလက်ရှိအချိန်မှာ ဂျီးဆပ်စ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့တာကြောင့် အာဆင်နယ်မှာဆက်နေဖို့များနေပါတယ်။ “သူ(ဂျီးဆပ်စ်)ကြည့်ရတာ အခြေအနေကောင်းပါတယ်။ သူ့ကိုကြည့်ရတာ ထက်မြက်ပါတယ်။ နွေရာသီတစ်လျှောက် သူအများကြီးပြောင်းလဲသွားခဲ့ပါတယ်။ နောက်တစ်ကြိမ် ထိပ်တန်းအဆင့်အနေအထားနဲ့ သူပြန်လာနိုင်ခဲ့ပါတယ်။ ခင်ဗျားမှာ အခြေခံအချက်တွေရှိတယ်ဆိုရင် အခြားအရာတွေက တည်ဆောက်နိုင်ပါတယ်။ ဒါပေမယ့် အခြေခံအချက်တွေတော့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ ကစားသမားမရှိပါဘူး။ သူ့အနေနဲ့ အကောင်းဆုံးလုပ်ပြနိုင်ဖို့ပဲ လိုအပ်ပါတယ်။ သူအဲ့တာကို နားလည်လို့ ကျွန်တော်ပျော်ပါတယ်။ ခင်ဗျားအနေနဲ့ သူလုပ်ပြနေတာတွေကို သူ့မျက်လုံးထဲမှာ မြင်နိုင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
ဘရာဇီးသားဟာ လက်ရှိအချိန်မှာ အာဆင်နယ်ကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံနေရပြီး ဆော်ဒီကလပ် အယ်လ်-အက်လီအသင်းက ချိတ်ဆက်နေပါတယ်။ ဒါပေမယ့်လည်း ရာသီကြိုခြေစမ်းပွဲတွေမှာသာ ဆက်လက်ခြေစွမ်းတိုးတက်လာမယ်ဆိုရင် အာတီတာက ဆက်လက်ထိန်းသိမ်းထားဖွယ်ရှိနေပါတယ်။