ယနေ့နံနက်ပိုင်းက ချန်ပီယံလိဂ်၁၆သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေ ကစားခဲ့ရာမှာ ပေါ်တိုကို အာဆင်နယ်က အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး နာပိုလီနဲ့ ဘာစီလိုနာတို့ကတော့ သရေကျခဲ့ကြပါတယ်။
ဘာစီလိုနာအသင်းဟာ ပွဲအစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားကာ နာပိုလီခံစစ်ကို ထိုးဖောက်နေခဲ့ပါတယ်။ ဘာစီလိုနာအတွက် ပထမဆုံးအခွင့်အရေးအဖြစ် ယာမယ်လ်ညာတောင်ပံကနေ လှမ်းကန်ခဲ့ပေမယ့် ကန်ချက်က ဂိုးဘားပေါ်က ကျော်တက်သွားခဲ့ပါတယ်။
ဘာစီလိုနာက နာပိုလီခံစစ်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးသမား မီရက်ကိုတော့ မကျော်နိုင်ခဲ့ပါဘူး။ နာပိုလီအသင်းဟာ ပွဲအစ မိနစ်၂၀အတွင်း ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ဘဲ ဘာစီလိုနာဘက်ကို အနည်းငယ်သာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ ၂သင်းစလုံး အခွင့်အရေးကိုယ်စီ ရခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့ကြပါဘူး။ မိနစ်၆၀မှာတော့ ဘာစီလိုနာအသင်း ဦးဆောင်ဂိုးရခဲ့ပြီး လီဝန်ဒေါစကီးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၅မိနစ်အကြာမှာပဲ နာပိုလီအတွက် အသက်ဆက်စေမယ့် သွင်းဂိုးကို အိုဆီမန်က သွင်းယူပေးသွားခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီသရေနဲ့သာ ပွဲပြီးသွားခဲ့ပါတယ်။
ပေါ်တိုနဲ့ အာဆင်နယ် ပွဲစဉ်မှာတော့ ၂သင်းစလုံး ထိန်းကစားနေခဲ့တာကြောင့် အခွင့်အရေးတွေ ဖန်တီးနိုင်မှုမှာ အားနည်းခဲ့ကြပါတယ်။ အာဆင်နယ်တို့ ၁ပွဲလုံးလိုလို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ကို လုံး၀ရှိန်နေခဲ့ကာ တစ်ပွဲလုံး ဂိုးပေါက်တည်မှုတစ်ကြိမ်မှမရှိတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ အတွေ့အကြုံနည်းပါးမှုကလည်း ဒီနေရာမှာ စကားပြောခဲ့ပြီး ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ မာတင်နယ်လီတို့ကလည်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ကစားရချိန် ကြောက်စိတ်များပြီး အမှားများစွာလုပ်ခဲ့ပါတယ်။
အာဆင်နယ်ဆိုတာကလည်း ပရီးမီးယားလိဂ်မှာ စွမ်းသလောက် ချန်ပီယံလိဂ်မှာတော့ အစွယ်မရှိတဲ့မြွေဆိုတာကို ဒီပွဲက သက်သေပြနေပါတယ်။သရေပွဲနဲ့ ပြီးပြီလို့ထင်မှတ်ခဲ့ပေမယ့် ပွဲပြီးခါနီး စက္ကန့်ပိုင်းအလိုလောက်မှာ ဂါလီနိုက အဝေးကန်ချက်နဲ့ ပေါ်တိုအတွက် အဖိုးတန်အနိုင်ဂိုးကို လှလှပပသွင်းယူပေးသွားခဲ့ပါတယ်။
အမ်းမရိတ်မှာ ပြန်လာနိုင်သေးတယ်ဆိုပေမယ့် အာတီတာတစ်ယောက် ချန်ပီယံလိဂ်နဲ့ အစေးမကပ်တဲ့ အာဆင်နယ်ကို ဘယ်လိုပြင်ဆင်မလဲဆိုတာက ပိုပြီးစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။