The network connection is lost.

Banner Image

ဂျိုတာနဲ့ ဂိုမက်ဇ်တို့ ရက်သတ္တပတ်အချို့ အနားယူသွားရမယ်လို့ အန်းစလော့အတည်ပြု

လီဗာပူးနည်းပြ အန်းစလော့က အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဒီယေဂိုဂျိုတာနဲ့ ဂျိုးဂိုမက်ဇ်တို့ဟာ ဒဏ်ရာပြဿနာတွေကနေ သက်သာလာခြင်းမရှိသေးတာကြောင့် ရက်သတ္တပတ်အချို့အနားယူသွားရမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။ ဂျိုတာဟာ ပြီးခဲ့တဲ့စနေနေ့က ဘရန့်ဖို့ဒ်ကို ၀-၂ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပြီး အရန်ခုံမှာပင် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ၂၀၂၄ နှစ်ကုန်ကတည်းက တံကောက်ကြောဒဏ်ရာနဲ့ အနားယူနေခဲ့ရတဲ့ ဂိုမက်ဇ်ကလည်း ၂၀၂၅ ခုနှစ်အတွင်းမှာ လီဗာပူးအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးပါဘူး။ 

ယခုအခါမှာ အန်းစလော့က အဆိုပါကစားသမား ၂ ဦးအနေနဲ့ လနဲ့ချီပြီးအနားယူသွားရမှာမဟုတ်ပေမယ့် ဂျိုတာက ဂိုမက်ဇ်ထက်အရင် ကစားနိုင်မယ်လို့ အသိပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။ စလော့က “ဂျိုတာက ဂိုမက်ဇ်ထက်အရင်ကစားနိုင်မယ်လို့ထင်ပါတယ်။ သူတို့ ၂ ယောက်စလုံး ရက်သတ္တပတ်အချို့အနားယူရဖို့ရှိပေမယ့် လနဲ့ချီပြီးတော့ မကြာလောက်ပါဘူး။ ဒါပေမယ့် ကျွန်တော်အကြိမ်ပေါင်းများစွာပြောခဲ့သလိုပဲ ကြံ့ခိုင်မှုတည်ဆောက်တဲ့အပိုင်းမှာ နောက်ဆုံးအဆင့်က အခက်ခဲဆုံးပါပဲ။ အဲဒါက တစ်ခါတစ်ရံမှာ မျှော်လင့်ထားတာထက် ပိုကြာတတ်ပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်စလုံးကို လာမယ့်ရက်သတ္တပတ်အချို့မှာပဲ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အနားယူရမယ့်အချိန်ကို တိတိကျကျပြောနိုင်ဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် လနဲ့ချီပြီးတော့ ကြာဖို့မရှိပါဘူး။ ကြံ့ခိုင်မှုတည်ဆောက်တဲ့နေရာမှာ အစီအစဉ်အတိုင်းဖြစ်လာဖို့တော့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုင်လီကို အန်ဖီးလ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဂျိုတာနဲ့ ဂိုမက်ဇ်တို့ကတော့ အဆိုပါပွဲစဉ်ကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။ စနေနေ့မှာတော့ အန်းစလော့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်ဆွစ်ချ်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။